ယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိမှုနဲ့ ၄ ဦး ကို ဖမ်းဆီးစစ်ဆေး

ယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိမှု စိစစ်ဖော်ထုတ်တွေ့ရှိချက်များအား ထုတ်ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ကျင်းပစဉ်/ ဓါတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး - ဖေ့စ်ဘွတ်
ကယားပြည်နယ်၊ လွိုင်ကော်စက်မှုဇုန်က ယာဉ်ရပ်နားစခန်း သိုလှောင်ရုံမှာ ယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိထားတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး အပါအ၀င် ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားကလာတဲ့ ယမ်းတွေဖြစ်တာကြောင့် တရားမ၀င်ယမ်းတွေ ထားသိုတာကို တွေ့ရှိရတယ်လို့ ကယားပြည်နယ် သတ္တုတွင်းဦးစီးဌာန တာဝန်ခံ ဦးမောင်အေး က ပြောပါတယ်။

"ဒီကောင်ကတော့ တရားမ၀င်ပါဘူး၊ မြန်မာနိုင်ငံကနေ ထုတ်တဲ့ယမ်းလည်း မဟုတ်ဘူးလေ၊ မြန်မာနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီးဌာနကပဲ ယမ်းထုတ်တာဆိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက မထုတ်တဲ့ ပြင်ပနိုင်ငံက လာတဲ့ ယမ်းတွေဖြစ်နေတယ်၊ ကျနော်တို့ သတ္တုတွင်းက စာရွက်စာတမ်းဘာညာတွေကို သူတို့ တင်ပြနိုင်ခြင်း လည်း မရှိဘူး၊ တွေ့ရှိတဲ့ယမ်းအရ မြန်မာနိုင်ငံကထုတ်တဲ့ယမ်း မဟုတ်တဲ့အတွက်ကို တရားမ၀င်ယမ်းတွေ ထားသိုတာပေါ့နော်"

တရားမ၀င် ယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ ယာဉ်ရပ်နားစခန်း သိုလှောင်ရုံမှာ ဖမ်းဆီးရမိတဲ့ နေ့ကတည်းက အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အမှုနဲ့ဆက်စပ်သူတွေကို ဇွန်လ ၁၁ ရက်နေ့ နောက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ စက်မှုဇုန် ဥက္ကဋ္ဌ တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ထားမှု အခြေအနေတွေကို ရှင်းပြခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စက်မှုဇုန်က ယာဉ်ရပ်နားစခန်း သိုလှောင်ရုံအတွင်းမှာ တရားမ၀င်ပစ္စည်းတွေ ရှိနေတယ်ဆိုပြီး ပြည်သူတွေဘက်က တိုင်ကြားလာမှုကြောင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ အရှည် ၉ လက်မခန့်၊ လုံးပတ် ၃ လက်မခန့်ရှိတဲ့ ယမ်း နဲ့ ဒီတိုနေတာ စုစုပေါင်း အချောင်း ၉ ထောင် နီးပါး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေထဲက အမျိုးသမီးကို လက်နက်ဥပဒေ ပုဒ်မ ၁၈ (ဂ) / ၁၉ (စ)၊ တရုတ်အမျိုးသားကို လက်နက်ဥပဒေပုဒ်မ ၁၉ (စ) နဲ့၊ ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တို့ကို လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ) နဲ့ အသီးသီး တရားစွဲဆို သွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိမှုနဲ့ ၄ ဦး ကို ဖမ်းဆီးစစ်ဆေး ယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိမှုနဲ့ ၄ ဦး ကို ဖမ်းဆီးစစ်ဆေး Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.