အလုပ်လုပ်ကိုင်တာနှောင့်နှေးကြန့်ကြတယ်ဆိုပြီး မကွေးတိုင်းဝန်ကြီးတစ်ဦး တိုင်ကြားခံရ

မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်/ ဓါတ်ပုံ - မကွေးတိုင်းဒေသကြီးလွှတ်တော်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးဟာ အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက် စာရင်းကို လွှတ်တော်ထံ တင်ပြတဲ့ အချိန်နောက်ကျတာကြောင့် အလုပ်လုပ်တာ နှောင့်နှေးကြန့်ကြာတယ်ဆိုပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး သမ္မတထံ တင်ပြလိုက်ပါတယ်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စာရင်းတွေကို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက တိုင်းလွှတ်တော်ထံ တစ်လလောက် နောက်ကျပြီးမှ တင်ပြလာတာကြောင့် ငွေကျပ် ၅ ဘီလီယံကနေ ၁ဝ ဘီလီယံလောက်အထိ လွဲနေတာတွေ တွေ့ရပေမယ့် စိစစ်ချိန်မရလိုက်ဘဲ အတည်ပြုလိုက်ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောပါတယ်။

"၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျတ် စိစစ်ဖို့ကိစ္စမှာ လွှတ်တော်ဥပဒေပုဒ်မ ၁၃၅ အရ တစ်လကြိုတင်ပြီးတော့ ပို့ရမယ်ပေါ့နော်၊ နောက်ကျပြီးတော့မှ စိစစ်ရတယ်၊ တစ်လလုံးလုံးနောက်ကျတယ်လို့တော့ ပြောရမှာပဲဗျ၊ ကျနော်တို့ စိစစ်ချိန်မရလိုက်ဘူးဖြစ်သွားတယ်၊ ကျနော်တို့လည်း တစ်ရက်လောက်ကြည့်ပြီးတဲ့အခါမှာ ဒီထဲမှာ ၅ ဘီလီယံကနေ ၁ဝ ဘီလီယံအတွင်းလောက်တော့ လွဲနေတာတွေရှိတယ်လို့ တွေ့ရှိတယ်ပေါ့နော်၊ ဒါပေမဲ့ ပြန်လည်ပြီးတော့ ညှိနှိုင်းဖို့အချိန်မရတော့လို့ ကျနော်တို့က ဒီတိုင်းလွှတ်ပေးလိုက်ရတာ၊ အဲဒီကိစ္စကို သမ္မတဆီကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးပဲ လက်မှတ်ထိုးပြီးတော့ တင်ပြတာပေါ့နော်၊ ကျနော်တို့ ၁၅ ရက်နေ့က ပဲတင်လိုက်တာဗျ"

မကွေးတိုင်း ဝန်ကြီးချုပ်နဲ့ အမျိုးသားဒီမိုကရေစီပါတီ ဗဟိုဌာနချုပ်ထံကိုလည်း မိတ္တူပေးပို့ထားတယ်လို့ ဦးတင့်လွင်က ပြောပါတယ်။

ဘတ်ဂျက်စာရင်းတွေ အချိန်မီပေးပို့ဖို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌက တိုင်းအစိုးရအဖွဲ့ထံ ၂ ကြိမ်တိုင်တိုင် စာနဲ့ သတိပေးတာတွေရှိခဲ့သလို လူချင်းတွေ့ဆုံချိန်မှာလည်း သတိပေးတာမျိုးတွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကမှ လွှတ်တော်ထံ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ၂ဝ၁၈-၂ဝ၁၉ ဘတ်ဂျက်စာရင်းတွေကို ဒုတိယသမ္မတထံ ဇွန်လ ၁၈ ရက်နေ့ ဒီနေ့ အရောက်ပေးပို့ကြရတာဖြစ်တယ်လို့ သိရပါတယ်။

တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေမှာ သတ်မှတ်ချိန်ထက်စောပြီး ဘတ်ဂျက်စာရင်းတွေ လွှတ်တော်ထံ ရောက်ရှိခဲ့ တာကြောင့် အကြိမ်ကြိမ်ဆွေးနွေးပြီးမှ အတည်ပြုတာတွေ လုပ်ကြတာဖြစ်တယ်လို့ ဦးတင့်လွင်က ပြောပါတယ်။

ဒါ့အပြင် ဘတ်ဂျက်စာရင်းတွေရောက်ရှိလာတဲ့အခါ အမြန်စိစစ်နိုင်ဖို့ဆိုပြီး လွှတ်တော်ကော်မတီတွေ၊ မြို့နယ် အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ စီစဉ်ထားပေမယ့် ဘတ်ဂျတ်စာရင်းတွေ ပေးပို့တာနောက်ကျတဲ့အတွက် ပျက်သွားခဲ့ရတယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
အလုပ်လုပ်ကိုင်တာနှောင့်နှေးကြန့်ကြတယ်ဆိုပြီး မကွေးတိုင်းဝန်ကြီးတစ်ဦး တိုင်ကြားခံရ အလုပ်လုပ်ကိုင်တာနှောင့်နှေးကြန့်ကြတယ်ဆိုပြီး မကွေးတိုင်းဝန်ကြီးတစ်ဦး တိုင်ကြားခံရ Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.