အပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးဖို့ တရုတ်အစိုးရထံ တောင်းဆို

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့က ဘဏ်တစ်ခုကို တွေ့ရစဉ်/ Photo: Kan Thar/RFA
တရုတ်နိုင်ငံဘက်က ဘဏ်တွေမှာ အပိတ်ခံထားတဲ့ မူဆယ်က ကုန်သည်တွေရဲ့ ဘဏ်စာရင်းအကောင့်တချို့ကို ပြန်ဖွင့်ပေးဖို့ တရုတ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေထံ တောင်းဆိုထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒီနေ့ ပြောပါတယ်။

ကုန်သည်တွေဘက်က ပိတ်ခံရတဲ့ ဘဏ်စာရင်းအကောင့်နဲ့ ငွေပမာဏကို တိတိကျကျ စာရင်းပေးတာမျိုးမရှိလို့ တရုတ်အစိုးရဘက်ကို တောင်းဆိုရာမှာတော့ အခက်အခဲရှိခဲ့တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း က ပြောပါတယ်။

"ကျနော်ဆီက ဒု ညွှန်ချုပ် ဦးစီးတဲ့အဖွဲ့ကနေ မူဆယ်မှာ ဒီစာရင်းတွေ ဘယ်သူ ဘယ်လောက်ရှိသလဲ ဘယ်သူတွေ ပိတ်ခံထားရသလဲ ဆိုတော့ စာရင်းတွေ ကျနော်တို့က တောင်းတယ်၊ ဒီဘက်ကလည်း သံတမန်လမ်းကြောင်းကနေ တရားဝင် ညှိနှိုင်းပေးဖို့အတွက်ကို တောင်းတယ်၊ ဒါပေမဲ့လည်း ကျနော်တို့ကို အပြည့်အ၀ ပေးလာတာမျိုးမရှိဘူး၊ တရားဝင်ပေးလာတာမျိုး မရှိဘူး၊ ကျနော်တို့ကသာ ကြားနေတဲ့အတွက်ကြောင့် တာဝန်ရှိတဲ့သူတွေအပိုင်းက ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံခရီးစဉ်မှာလည်း တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းပေးတယ်၊ တဖက် ကတော့ အကောင့် အတိအကျပေးတာမျိုး ငွေအမောင့် အတိအကျပေးတာမျိုး တစ်ယောက်မှမရှိဘူး"

ဇွန်လ ဒုတိယပတ်အတွင်းက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားရောက်တဲ့ခရီးစဉ်မှာ တရုတ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့သလို တယ်ဟုပြည်နယ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာလည်း ဘဏ်အကောင့်ပိတ်ခံရတဲ့ ကိစ္စကို တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အွန်လိုင်းကနေ တရားမ၀င် လောင်းကစားတွေလုပ်ကိုင်ပြီး ငွေကြေးတရားမ၀င် လွှဲပြောင်းတာတွေ ငွေသွင်း၊ ငွေထုတ်ဆောင်ရွက်နေတာတွေရှိလို့ တရုတ်အစိုးရက အဲဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဘဏ် အကောင့်တွေကို ဒီဇွန်လဆန်းက ပိတ်ခဲ့တာဖြစ်တယ်လို့ နှစ်နိုင်ငံ တွေ့ဆုံစဉ်မှာ တရုတ်အစိုးရဘက်က ပြောတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း တရုတ်အစိုးရက တရုတ်-မြန်မာနယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ရဲ့ ဘဏ်စာရင်းတွေကို လောင်းကစားလုပ်ငန်းငွေစာရင်းတွေနဲ့ ဆက်စပ်လို့ဆိုပြီး ပိတ်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း နှစ်နိုင်ငံအစိုးရ ညှိနှိုင်းဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း တရုတ်အစိုးရက ဘဏ်အကောင့် ငါးထောင်ကျော်ကို ပိတ်ခဲ့ရာမှာလည်း မြန်မာကုန်သည် ဘဏ်ငွေစာရင်း ၁၀၀ကျော် အပိတ်ခံခဲ့ရပြီး နှစ်နိုင်ငံ အစိုးရတွေ ညှိနှိုင်းခဲ့ပြီးနောက် နှစ်ပတ်အကြာ မှာ ငွေစာရင်းတွေ ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
အပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးဖို့ တရုတ်အစိုးရထံ တောင်းဆို အပိတ်ခံထားရတဲ့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးဖို့ တရုတ်အစိုးရထံ တောင်းဆို Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.