ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးခဲ့ရသော ပုဂံဘုရားစေတီ ၃၈၉ ဆူ အနက် ၃ဝ၂ ဆူ ပြုပြင်ပြီးစီး


၂ဝ၁၆ ခုနှစ် သြဂုတ်၂၄ ရက်တွင် လှုပ်ခတ်ခဲ့သောငလျင်ဒဏ်ကြောင့် ပုဂံဘုရားပေါင်း ၃၈၂၂ ဆူ ရှိသည့်အနက် ၃၈၉ ဆူ ယိုယွင်းပျက်စီးခဲ့ရပြီး နောက်ပိုင်း နိုင်ငံတစ်ဝန်းမှ စေတနာရှင်များ၏လှူဒါန်းမှုဖြင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်​ ဧပြီလဆန်းထိ ဘုရားစေတီ ၃ဝ၂ ဆူ ပြုပြင်ပြီး ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သိရသည်။

''ငလျင်ဒဏ်ကြောင့် ပြုပြင်ထိန်းသိမ်းဖို့လိုတဲ့ ဘုရားစေတီတွေထဲကမှ အုပ်စု သုံးစုခွဲရင် ပျက်စီးမှု အများဆုံး ၃၆ ဆူ၊ ဒုတိယထိခိုက်မှု အများဆုံး ဘုရား ၅၃ ဆူ၊ အနည်းငယ်ထိခိုက်မှုရှိခဲ့တဲ့ ဘုရားအရေအတွက်က အဆူ ၃ဝဝ ဖြစ်ပါတယ်၊ ပျက်စီးမှုတွေကို ဆက်တိုက်ပြုပြင်ထိန်းသိမ်းခဲ့တဲ့ အတွက် ပြုပြင်ပြီးစီးမှုအနေနဲ့ ဘုရား ၃ဝ၂ ဆူ ရှိပါပြီ၊ ရာခိုင်နှုန်းအားဖြင့် ၈ဝ ရာခိုင်နှုန်းလောက် ပြင်ပြီးပြီလို့ ပြောလို့ရပါတယ်၊ ကျန်တာကိုတော့ ဆောင်ရွက်ဆဲပါ'' ဟု ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။

ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ဖွဲ့စည်းပေးသည့် စီမံခန့်ခွဲမှု ကော်မတီက လှူဒါန်းလာသည့် ငွေကြေးများကို ထိန်းသိမ်းဆောင်ရွက်နေခြင်း ဖြစ်ကာ ဘုရား များပြုပြင်မည်ဆိုပါက မည်သည့်ဘုရားကိုပြင်မည်၊ မည်သို့ဆောင်ရွက်မည်ဆိုသည် ကို မှတ်တမ်းဓာတ်ပုံ၊ ပျက်စီးမှုအတိုင်းအတာ၊ တွက်ချက်မှုများဖြင့် ကော်မတီထံ တင်ပြရကြောင်း၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ၊ အရည်အသွေး စစ်ဆေးရေး ကော်မတီနှင့် တွက်ချက်မှု စစ်ဆေးရေးအဖွဲ့များလည်းရှိပြီး တင်ပြလာသည့် Estimates များကို စစ်ဆေးကြောင်း၊ အစည်းအဝေးထိုင် စစ်ဆေးခွင့်ပြုကာ လုပ်ငန်း များ ဆောင်ရွက်စေပြီး လုပ်ငန်းအစီရင်ခံစာတင်ခြင်း၊ အရည်အသွေး စစ်ဆေး မှတ်တမ်းတင်ခြင်း၊ မြို့နယ်စာရင်းစစ်ဦးစီးဌာနက စစ်ဆေးခြင်းများ စနစ်တကျ အဆင့်လိုက် လုပ်ဆောင်ကြရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်​ဦးစီးဌာနမှ သိရသည်။

KN
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးခဲ့ရသော ပုဂံဘုရားစေတီ ၃၈၉ ဆူ အနက် ၃ဝ၂ ဆူ ပြုပြင်ပြီးစီး ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးခဲ့ရသော ပုဂံဘုရားစေတီ ၃၈၉ ဆူ အနက် ၃ဝ၂ ဆူ ပြုပြင်ပြီးစီး Reviewed by THITHTOOLWIN on 14:24 Rating: 5
Powered by Blogger.