လွိုင်ကော်မြို့နယ် ရေငုတ်တောင်အနီးတွင် ပုပ်ပွနေသည့်အလောင်းအား သေနတ်တစ်လက်နှင့်အတူတွေ့ရှိ


ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု ရေငုတ်တောင် အနောက်မြောက်ဖက် (၄) ဖာလုံခန့်အကွာ လှည်းလမ်းကြောင်းပေါ်တွင် ပြောက်ကျားအင်္ကျီဝတ် ပုပ်ပွနေသည့်အလောင်းအား သေနတ်တစ်လက်အတူ တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။

ရေငုတ်တောင် အနောက်မြောက်ဘက် (၄) ဖာလုံခန့်အကွာ လှည်းလမ်းကြောင်းပေါ်တွင် ဧပြီလ (၂၀) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်တွင် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာမှ ဦးမာဆေးလိုက နွားကျောင်းအပြန်၌ တွေ့ရသဖြင့် (၆)မိုင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ညနေ (၅)နာရီဝန်းကျင်တွင် လွိုင်ကော်မြို့နယ် ရဲစခန်းမှတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ရောက်ရှိသွားပြီး စစ်ဆေးခဲ့ရာ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ် နယ်စပ်နှစ်ခုအကြား လှည်းလမ်းပေါ်တွင် အသက် ၃၅ နှစ်ခန့်အရွယ်အမျိုးသားသည် ပြောက်ကျားဆွယ်တာ ၊ အစိမ်းရောင်ဘောင်းဘီရှည်ဝတ်လျက် ထိုင်လျှက်အနေထားဖြင့် သေဆုံးနေပြီး ၎င်း၏ဘေးတွင် အရှည် သုံးပေခန့်ရှိ လုပ်သေနတ် တစ်လက်၊ သေနတ်ထဲတွင် (၅.၅၆)ကျည်ထိုးလျှက် တစ်တောင့်၊ ဘေးတွင်တွေ့ရသည့် လွယ်အိတ်အစိမ်းရောင် အတွင်းမှ (၅.၅၆)ကျည်ခွံ (၆) တောင့်၊ ဓားမြောင်တစ်လက် ၊ EVERREADY တံဆိပ်ပါ သံဓာတ်မီး တစ်လက်၊မီးခြစ်သုံးလုံး ၊ သော့တွဲ နှစ်တွဲနှင့် ငွေစက္ကူရောရာ (၇၆၀၀)ကျပ်အား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ စစ်ဆေးထားပြီး အလောင်းတွေ့ရှိမှုအား လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - SW
Tachileik News Agency
https://www.tachileik.net
လွိုင်ကော်မြို့နယ် ရေငုတ်တောင်အနီးတွင် ပုပ်ပွနေသည့်အလောင်းအား သေနတ်တစ်လက်နှင့်အတူတွေ့ရှိ လွိုင်ကော်မြို့နယ် ရေငုတ်တောင်အနီးတွင် ပုပ်ပွနေသည့်အလောင်းအား သေနတ်တစ်လက်နှင့်အတူတွေ့ရှိ Reviewed by THITHTOOLWIN on 13:27 Rating: 5
Powered by Blogger.