မြောက်ကိုရီးယား ၊ တောင်ကိုရီးယား ၊ အမေရိကန် တို့ ၏ တရားဝင်မဟုတ်သော သုံးနိုင်ငံဆွေးနွေးပွဲ ဖင်လန်နိုင်ငံ၌ စတင်ဆွေးနွေး

မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်နေစဉ်(ဆင်ဟွာ)
  ဟဲလ်ဆန်ကီး ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

    မြောက်ကိုရီးယားနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့ မှ ကိုယ်စားလှယ်များ၏ တရားဝင်မဟုတ်သော ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်(ဖင်လန်နိုင်ငံဒေသစံတော်ချိန်) ၌ စတင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ သုံးနိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သော ပူးတွဲ ညစာစားပွဲကို ဖင်လန်နိုင်ငံ ဟဲလ်ဆန်ကီးမြို့ လယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် မတ်လ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း နှင့် နောက်ထပ်ဆွေးနွေးမှုများကို ၂ ရက်ကြာ ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်း ဖင်လန်နိုင်ငံအမျိုးသားအသံလွှင့်ဌာန Yle ၏ ဖော်ပြချက်အရ သိရသည်။

ဒေသဆိုင်ရာရုပ်သံက မြောက်ကိုရီးယားကိုယ်စားလှယ်များ စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်သွားပုံကို ထုတ်လွှင့်ပြသခဲ့ကြောင်း၊ အမေရိကန်နှင့်ပြုလုပ်မည့် ဆက်ဆံရေးများအတွက် တာဝန်ရှိသူတစ်ဦးအဖြစ် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Choe Kang Il က ၄င်းကိုယ်စားလှယ်အဖွဲ့ တွင် ပါဝင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ဝင်များအဖြစ် သံတမန်ဟောင်းများ နှင့် လုံခြုံရေးကျွမ်းကျင်သူများ ပါဝင်ကြောင်း သိရသည်။

သက်ဆိုင်ရာ နိုင်ငံတစ်ခုချင်းစီမှ ကိုယ်စားလှယ်အဖွဲ့ ဝင် ၆ ဦးစီဖြင့် စုစုပေါင်း ပါဝင်ဆွေးနွေးသူ ၁၈ ဦး ရှိကြောင်း Yle က ဆိုသည်။

မတ်လ ၂ဝ ရက် နှင့် ၂၁ ရက်များတွင် ဆွေးနွေးမည့် အရေးကိစ္စရပ်များတွင် ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ နျူကလီးယားအရေး နှင့် တင်းမာမှုလျှော့ချရေးများလည်း ပါဝင်ကြောင်း Yle ကဆိုသည်။

မတ်လ ၂ဝ နှင့် ၂၁ ရက်များတွင် ပြုလုပ်မည့် ဆွေးနွေးပွဲနေရာကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။ ဟဲလ်ဆန်ကီးမြို့ ရှိ ဂျပန်သံရုံးကမူ ဆွေးနွေးပွဲလက်ခံကျင်းပလိမ့်မည်မဟုတ်ကြောင်း အစောပိုင်းက ငြင်းဆို ပြောကြားထားသည်။

(Xinhua)
http://www.xinhuamyanmar.com
မြောက်ကိုရီးယား ၊ တောင်ကိုရီးယား ၊ အမေရိကန် တို့ ၏ တရားဝင်မဟုတ်သော သုံးနိုင်ငံဆွေးနွေးပွဲ ဖင်လန်နိုင်ငံ၌ စတင်ဆွေးနွေး မြောက်ကိုရီးယား ၊ တောင်ကိုရီးယား ၊ အမေရိကန် တို့ ၏ တရားဝင်မဟုတ်သော သုံးနိုင်ငံဆွေးနွေးပွဲ ဖင်လန်နိုင်ငံ၌ စတင်ဆွေးနွေး Reviewed by THITHTOOLWIN on 17:35 Rating: 5
Powered by Blogger.