ဒုန်း ဒုန်း ဒိုင်း ဒိုင်း အသံကြားက တအာင်းကျေးရွာနဲ့ စစ်ရှောင်တွေရဲ့ ပြဿနာ


မိုင်းအနိုင်၊ မားနဂါး။

သေနတ်သံက "ဒုန်း ဒုန်း ဒိုင်း ဒိုင်း"ကြားနေရတုန်းပါပဲ။ ဒါပေမဲ့လည်း စစ်ရှောင် ၂၀၀ ကျော်တွေက ရွာကို ပြန်လာခဲ့ ကြပါတယ်။ ကျောက်မဲမြို့ထဲမှာ စစ်ရှောင်တာကြာတော့ လူတွေက "မင်းတို့ မပြန်ကြသေးဘူးလား" ခဏခဏ လာ မေးကြလို့ သူတို့တွေ ပြန်လာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရွာအနီးအနားမှာ TNLA နဲ့ RCSS ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေကြတုန်းပါပဲ။

အဲဒီရွာကတော့ နမ့်ဆန်မြို့နယ်ထဲက ကြက်သေကျေးရွာ ဖြစ်ပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ခါနီးမှာ TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲပြင်းထန်လို့ ကျောက်မဲမြို့ထဲကို ထွက်ပြေးခဲ့ကြပါတယ်။ ထွက်ပြေးတဲ့ထဲမှာ အနီးအ နားမှာရှိတဲ့ ကျောက်ဖြူလေး၊ အာပြောင်ကျေးရွာတွေလည်း ပါဝင်ပါတယ်။

ကံမကောင်းစွာနဲ့ ထွက်ပြေးပြီးတော့ လဝက်အကြာမှာပဲ ကြက်သေရွာက ရွာအသုံးအဆောင်ပစ္စည်းတွေထားတဲ့ နေ အိမ် ၃လုံး မီးအရှို့ခံထားရပါတယ်။ အိမ်တွေထဲမှာလည်း သုံးလို့ရသမျှ ပစ္စည်းတွေအကုန်ယူသွားပြီးတော့ စောင်တွေ ပစ္စည်းတွေ မွှေနှောက်သွားခဲ့ပါတယ်။ ဒီလိုမွှေနှောက်ထားခံရတဲ့ ဖြစ်စဉ်တွေက ထွက်ပြေးခဲ့ရတဲ့ အခြားရွာတွေလည်း ဖြစ်ပေမယ့် ကြက်သေရွာက အဆိုးဝါးဆုံးအခြေအနေမှာ ရှိနေပါတယ်။

စားသောက်ဖွယ်ရာ ပစ္စည်းတွေ၊ ဆန်တွေ၊ ဆီတွေအပါအဝင် ဆိုင်ဖွင့်ထားတဲ့ ဈေးဆိုင်တွေထဲက ပစ္စည်းတွေ အကုန် ယူသွားကြပါတယ်။ အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ယာအီမုံက "ကျွန်မတို့အိမ်ထဲ သုံးလို့ရတဲ့ ပစ္စည်းတစ်ခုမှ မရှိတော့ ဘူး။ ဆန်၊ ဆီတွေရော စောင် ၂ ထည်ပါယူသွားတယ်။ ညီမကလည်း စကားမပြောတတ် မသန်စွမ်းလေ။ အလုပ်က လည်း သူများဆီနေ့စားလုပ်ရတာ။ ဒီလိုဖြစ်တော့ ဘာနဲ့သွားစားကြမလဲ။ စစ်ရှောင်ကတော့ ဆန်အနည်းငယ်နဲ့ တစ် ယောက်ကို ပိုက်ဆံ ၅ ထောင်စီပေးထားတယ်။ အဲဒါတွေကုန်ရင် ဘယ်လိုဆက်လုပ်ရမလဲ" လို့ ဖေဖော်ဝါရီလ ၉ ရက် တွေ့ဆုံတုန်းက ပြောဆိုခဲ့တာပါ။

အိမ်တွေ အမွှေထားခံရပြီး သုံးစရာပစ္စည်းတွေမရှိကြတော့ ရွာသားတွေ အခက်တွေ့နေကြပါတယ်။ ရွာအနီးမှာ တိုက် ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ အလုပ်အကိုင်သွားလို့ကလည်း မဖြစ်နိုင်သေးပါဘူး။ ပြီးတော သူတို့အတွက် မိုင်းအန္တ
ရာယ်လည်း ရှိနေပါသေးတယ်။ သူတို့တွေ ပြန်လာပြီးတော့ တစ်ရက်အကြာ ဇန်နဝါရီ ၁ဝ ရက်မှာ သူတို့ရွာက ဦးဇင်း တစ်ပါး ကျောက်မဲကိုဆင်းနေချိန် လမ်းမှာ မိုင်းနင်းမိခဲ့ပါတယ်။ အဲဒီနားတစ်ဝိုက် RCSS က လှုပ်ရှားနေတဲ့ နေရာမို့ ဦးဇင်းကိုခေါ်ယူဆေးကုပေးခဲ့ပါတယ်။ မိုင်းဆိုတာလည်း သံဃာတော်ဆိုပြီး လူရွေးနေတာ မဟုတ်တော့ ရွာသားတွေ တော်တော်လေး သတိထားနေရပါတယ်။ မိုင်းထိတဲ့ ဦးဇင်းကလည်း အတော်လေးကံကောင်းတာမို့ အသက်မသေခဲ့ဘဲ ကျောကုန်းနဲ့ ပေါင်တွေသာ ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုပဲ အခြားရွာတွေမှာလည်း မိုင်းနင်းမိပြီး အသက်ဆုံးရှုံးတာတွေ ရှိနေပါတယ်။ မကြာသေးခင်က အဖေနဲ့ အမေ မိုင်းနင်းမိလို့ မိဘမဲ့ဖြစ်ခဲ့ရရှာတဲ့ အသက် ၁၂နှစ်ကလေးအရွယ် မိန်းကလေးတစ်ယောက် ကျောက်ဖြူလေးရွာမှာ ယခုထိရှိနေပါသေးတယ်။ ဒါ့အပြင် အဲနားကျေးရွာတစ်ဝိုက်က အိမ်မွေးတိရိစ္ဆာန်တွေ မိုင်းနင်းမိပြီး သေဆုံးတဲ့ အရေ အတွက်ကလည်း မနည်းတော့ပါဘူး။ ဒါတွေက မငြိမ်းချမ်းခြင်းရဲ့ နောက်ကွယ်က အကျိုးဆက်တွေ ဖြစ်ပါတယ်။

အခုဆိုရင် အဲကြက်သေရွာနားက ကျေးရွာ ၃၊ ၄ ရွာက အလုပ်အကိုင်မသွားရဲကြသေးပါဘူး။ ဆန်၊ ဆီ၊ ဆားတွေ ရှိနေသေးပေမဲ့ အဲဒါတွေကုန်ရင်တော့ သူတို့ဘယ်လိုခရီးဆက်ကြမလဲဆိုတာတောင် သူတို့မသိကြသေးဘူး။ ကြက် သေကျေးရွာဆိုရင် ရွာရဲ့အောက်နားလေးမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတုန်းပါဘဲ။ ဟိုဘက်ကမ်းက RCSS၊ ဒီဘက် ကမ်းက TNLA တိုက်နေကြတုန်းပါပဲ။ ရွာသားတွေကလည်း ဒီအသံတွေ နေ့တိုင်းမကြားချင်လည်း ကြားနေရလို့ ရိုးအီ နေပြီလို့တောင် ပြောနေပါတယ်။

ကြက်သေကျေးရွာ ဥက္ကဌ ဦးနေထားက "တိုက်ပွဲဖြစ်တာက မတတ်နိုင်ဘူးလေ။ မြို့ထဲလည်း ရှောင်ပြီး မနေချင်တော့ ဘူး။ ပြန်နေတယ်ဆိုပေမယ့် အစားအသောက်ကတော့ လုံလောက်မှုမရှိဘူး။ စစ်ရှောင်တုန်းက ထောက်ပံ့ပေးထား တာနဲ့ စားမယ်။ ပြီးရင် ဟိုလူဆီချေး ဒီလူဆီချေး အဲလိုပဲ လုပ်ရမှာလေ။ အလုပ်မှ လုပ်လို့မရသေးတာ" လို့ သူတို့ အ ခက်အခဲကို ပြောပြခဲ့ပါတယ်။

ဒီလိုပဲ တိုက်ပွဲကြားမှာ မနေချင်ပေမယ့် နေထိုင်ရတဲ့ ရွာတွေ ရှိသလို ရွာပြန်နေချင်ပေမယ့် ရွာဘယ်နည်းနဲ့မှ ပြန်လို့မရ သေးဘဲ စစ်ရှောင်စခန်းမှာ နေထိုင်ရတဲ့ လူတွေလည်း အမြောက်အများရှိနေပါသေးတယ်။ ရှမ်းပြည်နဲ့ကချင်နယ်စပ်မှာ စစ်ရှောင်စခန်းပေါင်း ၁၇ ခုအထိ ရှိပါတယ်။ အဲစခန်းတွေက ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ခမ်းနဲ့ ကချင်ပြည်နယ် မန့်ဝိန်း ကြီးတွေမှာ ရှိကြပါတယ်။ စုစုပေါင်း လူဦးရေကတော့ ၁ သောင်းကျော် ၂ သောင်းနီးပါးအထိ ရှိပါတယ်။ ဒီအရေအ တွက်တွေက စစ်ရှောင်စခန်း နှစ်ရှည်နေသူတွေရဲ့ စရင်းသာဖြစ်ပြီးတော့ ခဏတာ စစ်ရှောင်လာကြတဲ့ စစ်ရှောင်စာ ရင်း မပါသေးပါဘူး။

ဒီစစ်ရှောင်တွေ ခြုံကြည့်ရင် စုံဂဏန်းတွေဖြစ်တဲ့ ၂၀၁၂၊ ၂၀၁၄၊ ၂၀၁၆ ခုနှစ်တွေမှာ ထွက်ပြေးလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ အဲထဲက အများစုကတော့ တအာင်း(ပလောင်)၊ ကချင်၊ ရှမ်းအနည်းငယ်နဲ့ အခြားလူမျိုးစုအနည်း ငယ်ဖြစ်ပါတယ်။ စခန်းအားလုံးလိုလို နှစ်ရှည်စခန်းတွေဖြစ်နေတာမို့ အဖွဲ့အစည်းအတွေကနေ ထောက်ပံ့ပေးတဲ့ နေရာထိုင်ခင်းတွေနဲ့ အနေအထိုင်အဆင်ပြေပေမယ့် အားလုံးနီးပါးလိုလို အလုပ်အကိုင်ရှားပါးနေကြပါတယ်။

ကချင်ပြည်နယ် မန့်ဝိန်းကြီး KBC(၂)စစ်ရှောင်စခန်းမှာ သားသမီးနှစ်ယောက်ဖခင် ဦးဘရန်ရှောင်က "တိုက်ပွဲက ဒီ ၂၀၁၇ နဲ့ ၂၀၁၈ မှာ ပိုဖြစ်လာနေကြတယ်။ အရင်က ကျွန်တော်တို့ ရွာလူတွေ တိုက်ပွဲတွေငြိမ်တယ်ဆိုပြီး ကိုယ့်ခြံနဲ့ကို စပါးတွေ သွားလုပ်ကြတယ်။ အကုန်ပြီးစီး စုထားတဲ့ စပါးပုံတွေက တိုက်ပွဲဖြစ်ကြတော့ သူတို့ မီးအကုန်ရှို့သွားကြ တယ်။ အခုက ကြုံရာအလုပ်ပဲလုပ်နေရတယ်။ အခုချိန်ဆို ကြံခုတ်ပေါ့။ ပိုက်ဆံကလည်း ကိုယ်လုပ်နိုင်သလောက် ဆိုတော့ ဝင်ငွေပုံသေမရှိဘူး" လို့ ပြောပါတယ်။

နမ့်ခမ်းမြို့ထဲမှာရှိတဲ့ ပန်လုံစခန်းနဲ့ ကချင်ပြည်နယ်က မန့်ဝိန်းကြီးစခန်းတွေမှာ ကိုယ့်ထူကိုယ်ထလုပ်နိုင်တဲ့ အလုပ် တွေဖြစ်တဲ့ ပလိုင်းလုပ်ငန်းလုပ်တာ၊ အဝတ်ချုပ်တာတွေ လုပ်ကိုင်ကြပါတယ်။ စစ်ရှောင်အများစုကတော့ သွက်သွက် လတ်လတ်ရှိတဲ့ လူတွေက အနီးနားရှိတဲ့ တရုတ်ပြည်ကို အလုပ်သွားလုပ်ကြပါတယ်။ ဒီလိုလုပ်မှသာလျှင် မိသားစုဝမ်း ရေး အဆင်ပြေနိုင်မယ်လို့ စစ်ရှောင်နေရသူ အများစုက ပြောကြပါတယ်။

ဒါပေမယ့် ဒါတွေက ယာယီခဏတာအတွက် ကောင်းပေမယ့် ရေရှည်လုပ်ကိုင်စားသောက်ဖို့ တည်မြဲတဲ့ အရာတစ်ခု တော့ မဟုတ်ပါဘူး။ အလုပ်အကိုင်ရမှသာလျှင် သူတို့အတွက် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အချို့ စစ်ရှောင်တွေက ပြန်ဖို့ရှိပေမယ့် အချို့ကတော့ ပြန်ရဖို့ လမ်းမမြင်ရသေးတဲ့အတွက် တည်မြဲနိုင်မယ့်အလုပ်အကိုင် လိုအပ်နေပါတယ်။

ကွတ်ခိုင် ပန်ကူစစ်ရှောင်စခန်းတာဝန်ခံ ဒေါ်အေအိုက "ကျွန်မတို့ရွာက စစ်ဗျူဟာကျတဲ့ နေရာဖြစ်နေတယ်။ တစ်ခါ တိုက်ပွဲဖြစ်တိုင်း ကျွန်မတို့ရွာပါနေတယ်။ ဒါကြောင့် ပြန်ဖို့အစီအစဉ်မရှိတော့ဘူး။ လုပ်ငန်းကတော့ အများစုကတော့ ကြုံရာကျပန်းနဲ့ အခြားနိုင်ငံကို အလုပ်သွားလုပ်ကြတယ်။ အဓိကက ကလေးတွေရဲ့ ပညာရေးအဓိကပေါ့နော်။ စစ် ရှောင်ပြီးနောက်ပိုင်း ကျွန်မတို့ရွာက ကလေးတွေကို အောက်ပြည်မှာ ကိုရင်၊ သီလရှင်သွားဝတ်စေတာ ၁၀၀ ကျော် ရှိပြီ" လို့ ပြောပါတယ်။

ဒါ့အပြင် အချို့တွေက စစ်ရှောင်စခန်းမှာ နေထိုင်ရလို့ လုံခြုံတဲ့ အနေအထားထိတော့ မဟုတ်သေးပါဘူး။ ကွတ်ခိုင် ပန်ကူစစ်ရှောင်တစ်ဦးက "အရင်ကတော့ ငြိမ်ရင်တောင်ပေါ်အလုပ်သွားလုပ်ကြတယ်။ အခုသွားမလုပ်ရဲတော့ဘူး။ ဟိုတစ်ခါတုန်းက မိန်းကလေး ၆ ယောက်သွားလို့ တပ်မတော်နဲ့သွားတွေ့တာ။ အဲဒါကို သူတို့က အားလုံးကို ရှေ့ဆုံး ကနေ သွားခိုင်းတယ်။ ဘာမှမလုပ်ပေမယ့် မိန်းကလေးဘဝတွေအတွက် မလုံခြုံဘူးလေ။ ပြီးတော့ ဒီရွာကို TNLA၊ KIA တို့တွေ့ရင် အကြောင်းကြားတဲ့။ မကြားရင် ကျွန်တော်တို့ရွာကိုလည်း ပစ်မယ်တဲ့ အမိန့်ချထားတာ။ အဲကြောင့် ရွာသား တွေ တောင်ပေါ်ကို မသွားရဲကြတော့ဘူး။ ဟိုဘက်ကြောက်ရ ဒီဘက်ကြောက်ရဖြစ်နေတယ်" လို့ ပြောပါတယ်။

စစ်ရှောင်စခန်း ၁၇ ခုမှာ နမ့်ခမ်းမြို့ထဲမှာရှိတဲ့ ပန်လုံစစ်ရှောင်စခန်းသာ ၂၀၁၉ မှာ ပြန်ဖို့ အစီအစဉ်တွေရှိတယ်လို့ ပြောပါတယ်။ ဒီစခန်းက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ရှမ်းပြည်နဲ့ကချင်ပြည်အဆက် တိုက်ပွဲပြင်းထန်လို့ ရွာပေါင်း ၆ ရွာ ကနေ ထွက်ပြေးလာခဲ့ကြတာပါ။ ခုအခြေအနေတွေက တည်ငြိမ်နေလို့ ပြန်ဖို့ရှိတယ်လို့ စခန်းဓမ္မဆရာတစ်ဦးဖြစ်သူ ဒုန်လာကွန်ဖန်က ပြောပါတယ်။ ဒါပေမဲ့ အခြားကျန်ရှိနေသေးတဲ့ စစ်ရှောင်စခန်းတွေကတော့ တိုက်ပွဲတွေ ထိုးစစ်တွေ ဆက်တိုက်ဖြစ်နေလို့ ပြန်ဖို့ အစီအစဉ်မရှိသေးပါဘူး။

ဒီစစ်ရှောင်တွေဟာ အားလုံးလိုလို TNLA၊ KIA နဲ့ တပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် စစ်ရှောင်လာကြသူ တွေဖြစ်ပါတယ်။ KIA နဲ့ TNLA ဟာ NCA (တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အထဲက နှစ်ဖွဲ့ဖြစ်ပြီး တပ်မတော်နဲ့ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့တဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။ ယခုအချိန်ထိလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဒီနှစ်ဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ စဉ် ဆက်မပြတ်ဖြစ်ပွားနေပြီးတော့ တိုက်ပွဲကြောင့် ဒေသခံတွေစစ်ရှောင်အရေအတွက် ဆက်လက်တိုးပွားနေဆဲ ဖြစ်ပါ တယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားညီညွတ်ရေးရဲ့အစ နိဒါန်းဖြစ်တဲ့ NCA ကို မျက် မှောက်ပြုကြဖို့ တိုက်တွန်းထားပေမယ့် KIA၊ TNLAတို့ ပါဝင်ပြီး "ဝ"အဖွဲ့ ဦးဆောင်တဲ့ FPNCC တော့ NCA ပြင်ပ လမ်း ကြောင်းအဖြေရှာဖို့သာ ထုတ်ပြန်ထားပြီး NCA ထိုးဖို့ ပြောဆိုထားတာ မရှိသေးပါဘူး။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲ ကိုင်ပြီး မိမိတို့ရဲ့ လိုအင်ဆန္ဒများကို တောင်းဆို၍မရကြောင်းကို နားလည်သဘောပေါက်ပြီး နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး လက်နက်ကိုင်လမ်းစဉ်အပေါ် သံယောဇဉ် အစွဲအလမ်းကို ဖြတ်တောက်ပစ်နိုင်ဖို့ အကောင်းဆုံး အာမခံချက်ပေး နိုင်တဲ့ တစ်ခုတည်းသော အရာကလည်း NCA စာချုပ်ပဲ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ တပ်မတော်၏ထိုးစစ်ဆင်မှုတွေကြောင့် တိုက်ပွဲများ ဖြစ်ပွားရ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွေမှာ ထုတ်ပြန်ထားပြီးတော့ တွေ့ဆုံဆွေးနွေးမယ့် ပြောဆိုချက်၊ ထုတ်ပြန်ချက်တွေ လည်း မတွေ့ရသေးတဲ့အတွက် စစ်ရှောင်တွေရဲ့ အိမ်ပြန်လမ်းဟာ ဝေးနေဆဲပါ။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal
ဒုန်း ဒုန်း ဒိုင်း ဒိုင်း အသံကြားက တအာင်းကျေးရွာနဲ့ စစ်ရှောင်တွေရဲ့ ပြဿနာ ဒုန်း ဒုန်း ဒိုင်း ဒိုင်း အသံကြားက တအာင်းကျေးရွာနဲ့ စစ်ရှောင်တွေရဲ့ ပြဿနာ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.