နိုင်ငံတော် သမ္မတသစ်ရာထူးကို ၇ ရက်အတွင်း ရွေးချယ်မည်

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများအဖြစ် ကျမ်းသစ္စာကျိန်ဆိုနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)
  နေပြည်တော်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

    လက်ရှိ လစ်လပ်သွားသော နိုင်ငံတော် သမ္မတရာထူးအတွက် အလုပ်လုပ်ရက် ၇ ရက် အတွင်း ရွေးချယ်မည်ဖြစ်ကြောင်း သမ္မတရုံးထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြောင့် မတ် ၂၁ရက်နေ့မှစ၍ သမ္မတရာထူးမှ နုတ်ထွက်သွားကြောင်း ထုတ်ပြန်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၇၃) ၊ ပုဒ်ခွဲ(ခ)နှင့် အညီ လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတရာထူးကို အလုပ်လုပ်ရက် (၇)ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတ ရာထူးမှ နုတ်ထွက်သွားသဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လစ်လပ်နေသော သမ္မတရာထူးနေရာကို နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယ ဆန္ဒမဲအများဆုံးရရှိခဲ့သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေမှ ယာယီသမ္မတအဖြစ် လွှဲပြောင်း တာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ယနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း ရာထူးတာဝန်မှ အနားယူသွားကြောင်း တင်ပြချက်ကို ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တော်အစည်းအဝေးအပြီးတွင် ဖတ်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိ လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတရာထူးကို ရွေးချယ်ရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ ရာထူးကို ၇ရက်အတွင်း ပြန်လည်ရွေးချယ် ခန့်အပ်ပြီးမှသာ သမ္မတရာထူးရွေးချယ်နိုင်မည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ အစုအဖွဲ့သုံးဖွဲ့အနက် တစ်ဖွဲ့ဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က နိုင်ငံတော် သမ္မတ ရွေးချယ်နိုင်ရန် ဒုတိယ သမ္မတအဖြစ် ဦးထင်ကျော်အား အမည်စာရင်းတင်သွင်းခဲ့သဖြင့် လက်ရှိ လစ်လပ်သွားသော သမ္မတရာထူး နေရာအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှပင် ဒုတိယ သမ္မတတစ်ဦးကို အမည်စာရင်း ထပ်မံပြီး တင်သွင်းရမည်ဖြစ်ကြောင်း၊  ထို့ကဲ့သို့ ဒုတိယ သမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယ သမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ရမည်ဖြစ်သည်။

(Xinhua)
http://xinhuamyanmar.com
နိုင်ငံတော် သမ္မတသစ်ရာထူးကို ၇ ရက်အတွင်း ရွေးချယ်မည် နိုင်ငံတော် သမ္မတသစ်ရာထူးကို ၇ ရက်အတွင်း ရွေးချယ်မည် Reviewed by THITHTOOLWIN on 18:02 Rating: 5
Powered by Blogger.