သက်ငယ်မုဒိန်းသမားကို သေဒဏ်ချ

ပြင်ဦးလွင်ခရိုင်တရားရုံးက သေဒဏ်ချလိုက်တဲ့ သက်ငယ်မုဒိန်းသမား ဖြိုးထက်အောင် ကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်/ Photo: Khaymani Win/RFA
အသက် ၂ နှစ်ခွဲအရွယ် ကလေးငယ်ကို အဓမ္မသားမယားပြုကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံ ဖြိုးထက်အောင် ကို ပြင်ဦးလွင်ခရိုင်တရားရုံးက မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့အတွက် ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

သေဒဏ်အပြစ်ပေးဖို့က အကျဉ်းထောင်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပြင်ဦးလွင် ခရိုင်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ၊ ဒုတိယမြို့နယ် တရားသူကြီး ဒေါ်ဌေးဌေးမော် ကပြောပါတယ်။

"တရားခံ ဖြိုးထက်အောင်အပေါ်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ်ချမှတ်ခဲ့ ပါတယ်။အဲလို သေဒဏ်ချမှတ်တဲ့နေရာမှာ ကျမတို့တရားရုံးအပေါ်မှာ ဖိအားလည်းမရှိပါဘူး။ အမှုစစ်တဲ့ တရားသူကြီးအနေနဲ့လည်း စိတ်ဖိစီးမှုမရှိပါဘူး။ သေဒဏ်စီရင်ချက်က အမှန်တကယ် သေဒဏ် အပြစ်ပေးသလားဆိုတာကို ဖြေရမယ်ဆိုရင် ကျမတို့ရုံးက ပြစ်ဒဏ်ချမှတ်တဲ့အပိုင်းပဲ ဆောင်ရွက်တာ ပါ။ အမှန်တကယ် သေဒဏ်အပြစ်ပေးတာကတော့ အကျဉ်းထောင်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင် ရွက်တာဖြစ်တယ်။ သက်ငယ်မုဒိန်းက ထောင်ဒဏ်  အနှစ် ၂၀ ချမှတ်ပါတယ်။ မုဒိန်မှုကိုကျူးလွန်စဉ် အတောအတွင်းမှာ တဆက်တည်း လူသတ်မှုကို ကျူးလွန်တဲ့အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ဂ)အရ သေဒဏ်ချမှတ်တာဖြစ်တယ်။  ရာဇသတ်ကြီးဥပဒေအရ ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်းခံ ထိုက်တဲ့ ပြစ်မှုကျူးလွန်စဉ်မှာ လူသတ်မှုကို ကျူးလွန်ရင် ထိုသူကို သေဒဏ်ချမှတ်ရမယ့်အပြင်၊ ငွေဒဏ် လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၊ မြွေကူတိုးဆိပ်ကျေးရွာမှာ ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး ကလေးငယ် သေဆုံးခဲ့ပါတယ်။ ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က စတင်ကာ အမှုစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒုတိယမြို့နယ် တရားသူကြီး ဒေါ်ဌေးဌေးမော်က အခုလို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်လိုက်တာဟာ ဟန့်တားဖို့ လုံလောက်တဲ့ ပြစ်ဒဏ်ဖြစ်တာကြောင့် အဲဒီ ပြစ်မှုမျိုး ထပ်မံကျူးလွန်နိုင်တဲ့အကြောင်း ကတော့ လျော့နည်းသွားစေနိုင်ပါတယ်လို့ ပြောပါတယ်။

ဒီအမူနဲ့ ပတ်သတ်ပြီး သေဒဏ်ချမှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က  မတ္တရာမြို့နယ်မှာ လူအင်အား ထောင်ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို အမိန့်ချမှတ်ခဲ့တာကို ကျေနပ်မှုမရှိဘူးရင် တပတ်အတွင်း အယူခံတက်ရောက်နိုင်တယ်လို့ ပြင်ဦးလွင်ခရိုင် တရားရုံးက ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
သက်ငယ်မုဒိန်းသမားကို သေဒဏ်ချ သက်ငယ်မုဒိန်းသမားကို သေဒဏ်ချ Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.