လူ့အခွင့်အရေး စုံစမ်းဖော်ထုတ်ရေးကော်မတီ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရ

ဝါးခယ်မမြို့နယ် တိုက္ကလားကျေးရွာက လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဆိုင်းဘုတ် ဖြုတ်သိမ်းထားတာကို တွေ့ရစဉ်။ Photo: Zaw Yan
ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ်က ကျေးရွာတချို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်း ဖော်ထုတ်ရေး ကော်မတီ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းခံရတယ်လို့ ကော်မတီတာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။

ဝါးခယ်မမြို့နယ်က ကျေးရွာနှစ်ရွာမှာ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဖြုတ်သိမ်းခဲ့တာလို့ ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်နော်အုန်းလှ က ပြောပါတယ်။

"အဓိက က အန်တီတို့ ဒီဆိုင်းဘုတ်က တရားမ၀င်ဘူးပေါ့နော်၊ တရားမ၀င်တဲ့အတွက် ဒါကို သူတို့ဖြုတ်တယ် ပေါ့၊ သူတို့ရဲ့ သဘောကပေါ့နော် ဖြုတ်ရင် ၂ ခု စလုံးဆို တစ်မျိုးပေါ့၊ တစ်ခုတည်းဖြုတ်တယ်၊ မဟုတ်သေးဘူး ပေါ့နော်၊ အဲအုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့ အန်တီ စကားပြောလိုက်ရသေးတယ်၊ အစ်ကိုတို့ဆီက ရွာကလူတွေ တင်တာပေါ့နော်၊ အပေါ်မှာရှိတဲ့ မြို့နယ်ထွေအုပ်ဆိုတာ ၀န်ထမ်းတွေ၊ ၀န်ထမ်းတွေဆိုတော့ ညွှန်ကြားချက်နဲ့မှ လုပ်ရတယ်ပေါ့နော်၊ ညွှန်ကြားချက် တောင်းပေးပါဆိုတော့ တောင်းစရာမလိုဘူးတဲ့၊ အပေါ်ကခိုင်းလို့ သူတို့ လုပ်ရတာပါတဲ့ အန်တီ့ကို ပြောတယ်၊ အုပ်ချုပ်ရေးမှူးက အဲဒါလာဖြုတ်ပြီးတော့ ဆိုင်းဘုတ်ကြီးကို သူ့အိမ်ကို ယူသွားတယ်လေ၊ ၂ ရွာစလုံးမှာ တိုက္ကလားမှာက နေ့လည် ၁ နာရီခွဲ၊ ပေတောမှာက နေ့လည် ၂ နာရီ"

တိုက္ကလားကျေးရွာနဲ့ ပေတောကျေးရွာတွေမှာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂ ဆိုင်းဘုတ် နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဆိုင်းဘုတ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက တင်ခဲ့တာ ဖြစ်ပြီး အဲဒီထဲက လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဆိုင်းဘုတ်တွေကိုပဲ ဖြုတ်သိမ်း သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့အစည်းတွေကို မှတ်ပုံတင်ထားခြင်းမရှိပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားအခွင့်အရေးအရ ဆောင်ရွက်တာဖြစ်တယ်လို့ ဒေါ်နော်အုန်းလှ က ပြောပါတယ်။

ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ကရင်၊ မွန်၊ ရှမ်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တောင်သူလယ်သမားသမဂ္ဂ နဲ့ လူ့အခွင့်အရေးရုံးပေါင်း ၁၀၀ ကျော်ကို ဖွင့်ထားခဲ့ပြီးပြီ ဖြစ်ပါတယ်။

ကော်မတီ ဆိုင်းဘုတ် ဖြုတ်ချခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး တိုက္ကလား ကျေးရွာ အုပ်ချုပ်ရေးမှူးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီ အဖွဲ့အစည်း ၂ ခုဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ NLD အမတ်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူ တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြေသိမ်းဆည်းခံရမှုတွေ၊ တရားဥပဒေ အကာအကွယ်မဲ့နေတဲ့ ကိစ္စတွေ၊ သက်ငယ်မုဒိမ်းမှု တွေမှာ နစ်နာသူတွေဘက်ကနေ ကူညီဆောင်ရွက်ပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
လူ့အခွင့်အရေး စုံစမ်းဖော်ထုတ်ရေးကော်မတီ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရ လူ့အခွင့်အရေး စုံစမ်းဖော်ထုတ်ရေးကော်မတီ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရ Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.