ဖွဲ့စည်းပုံကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆို

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က မန္တလေးမြို့၊ မနော်ရမ္မံကွင်းမှာ ဆန္ဒပြ တောင်းဆိုနေစဉ်။ Photo: Khaymani Win/ RFA
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ လူအင်အား ၁၀၀ ခန့်က မန္တလေးမြို့၊ မနော်ရမ္မံကွင်းမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရက လုပ်ပိုင်ခွင့် အပြည့်အ၀ မရရှိတာကြောင့် အခုလို ဆန္ဒပြတာလို့ ကိုရဲဇော်ထွန်း က ပြောပါတယ်။

"ဒီ ၂ဝဝ၈ အခြေခံဥပဒေကို အရှက်မရှိရေးဆွဲ၊ ဒီဖွဲ့စည်းပုံဥပဒေကို ကိုးကားပြီးတော့ အစိုးရ ၂ ရပ် ကျနော်တို့ တိုင်းပြည်မှာဖြစ်ပေါ်နေတယ်၊ ကျနော်တို့ ပြည်သူ့အစိုးရက ပြည်သူတွေအတွက် လုပ်ချင်တာတွေလုပ်ဖို့ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝမရသေးဘူလို့ ကျနော်တို့တွေ ယုံကြည်တယ်၊ အဲဒီတော့ ပြည်သူတစ်ယောက် အနေနဲ့ ကိုယ်လုပ်ချင်တဲ့ဟာ၊ ကိုယ်လုပ်သင့်တဲ့အရာ၊ ကိုယ်လုပ်နိုင်တဲ့အခွင့်အရေးတွေ ပေါ်ပေါက်ဖို့အတွက် ပြည်သူတင်တဲ့ အစိုးရသာလျှင် လုပ်ပိုင်ခွင့်အားလုံး ရစေချင်တယ်၊ ကျနော်နဲ့အတူ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ၊ ပြည်သူလူထုတွေအားလုံး ဒီ ၂ဝဝ၈ အခြေခံဖွဲ့စည်းပုံဥပဒေကြီးကို တော်လှန်ကြပါ"

ဆန္ဒပြပွဲကို မန္တလေးမြို့ခံတွေ နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေက ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအောင်မြင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အလိုမရှိ စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်စရာတွေ များလွန်းတာကြောင့် ဖျက်သိမ်းဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရသက်တမ်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပေးဖို့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့မှာ ဒါပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဖွဲ့စည်းပုံကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆို ဖွဲ့စည်းပုံကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆို Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.