မြန်မာတဦးရဲ့ ခန္ဒကိုယ်အစိတ်အပိုင်းတွေနဲ့ ကိုရီးယား ၄ ဦးကို အသက်ကယ်ခဲ့


တောင်ကိုရီးယားနိုင်ငံက စက်ရုံတခုမှာ သွားရောက်လုပ်ကိုင်နေစဉ် အသက်ဆုံးပါးခဲ့ရတဲ့ မြန်မာအလုပ်သမား ကိုဝင်းထွဋ်ဇော် ဆိုသူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူ့မိသားစုက လှူဒါန်းခဲ့တဲ့အတွက် ကိုရီးယားနိုင်ငံသား ၄ ဦးရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မနေ့က သတင်းရပါတယ်။

ကိုဝင်းထွဋ်ဇော်ရဲ့ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တွေကို ထုတ်ယူကာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ကိုရီးယားလူမျိုး ၄ ဦးကို အစားထိုးကုသ ပေးခဲ့တာပါ။ အခုလို ခန္ဓာကိုယ်လှူဒါန်းတာမျိုးဟာ တနှစ်မှာမှ ၂ ကြိမ်လောက်ပဲဖြစ်ပေါ်လေ့ရှိတယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေကပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ၂ဝ၁၂ ခုနှစ်က သွားရောက်ခဲ့ပြီးနောက် တောင်ဂျွန်ဆန်ပြည်နယ် မီလ်ယန်မြို့က မော်တော်ကားအစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတခုမှာ လုပ်ကိုင်ခဲ့တဲ့ အသက် ၄၄ နှစ်ရှိ ကိုဝင်းထွဋ်ဇော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က စက်ရုံအတွင်း ချော်လဲပြီးနောက် ဦးခေါင်းကို ထိခိုက်သွားခဲ့ပါတယ်။ ဦးနှောက်အတွင်း သွေးယိုစီးမှုကို ခွဲစိပ်ကုသခဲ့ရာမှာ အစပိုင်းသက်သာလာပြီးနောက် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ နှလုံးခုံရပ်ဆိုင်း သွားပါတယ်။ အဲဒီနောက် ဆရာဝန်တွေက ၂ ပတ်ကြာခန့် ဆက်လက်ပြီး အပြင်းအထန် ကြိုးစားခဲ့ကြပေမယ့် ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့ပဲ ဦးနှောက်ပါသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့နောက်ဆုံးအခြေအနေကို ကြားသိခဲ့ရတဲ့အတွက် မြန်မာနိုင်ငံက တောင်ကိုရီးယားကို သွားရောက်ခဲ့တဲ့ နှစ်မဖြစ်သူကို ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ဆရာဝန်တွေက ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ မိသားစုက ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့မိသားစုဟာ ဗုဒ္ဒဘာသာကို အထူးသက်ဝင်ယုံကြည်ကိုးကွယ်သူတွေဖြစ်ပြီး ကိုဝင်းထွဋ်ဇော် ကိုယ်တိုင်ကလည်း မရှိဆင်းရဲသားတွေကို ရှင်ပြုပေးခြင်းစတဲ့ အလှူအတန်းတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရှိရကြောင်း တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

တောင်ကိုးရီးယားအစိုးရက ကိုဝင်းထွဋ်ဇော်အတွက် ဆေးကုသစရိတ် ဝမ်ငွေ ၁.၈ သန်းနဲ့ ဈာပနစရိတ်အဖြစ် ဝမ်ငွေ ၃.၆ သန်း စုစုပေါင်းဝမ်ငွေ ၅.၄ သန်း ပေးအပ်ခဲ့ရာမှာ မိသားစုတွေက ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့ တခုကို လှူဒါန်းခဲ့ပါတယ်။ ကိုဝင်းထွဋ်ဇော်ဟာ သူ့ဝင်ငွေတချို့ကို မြန်မာပြည်က မိဘမဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ လှူဒါန်းလေ့ရှိတဲ့အတွက် သူ့ရဲ့စေတနာကို လေးစားတဲ့အနေနဲ့ တောင်ကိုရီးယား အစိုးရပေးတဲ့ငွေကို အခုလို လှူဒါန်းခဲ့တာပါလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Lee Sang-hwa လီဆင်ဝှားက ကိုဝင်းထွဋ်ဇော်ရဲ့ ခန္ဓကိုယ်အစိတ်အပိုင်းတွေ အခုလို လှူဒါန်းမှုဟာ အင်မတန်မြင့်မြတ်လှတဲ့အတွက် လူတွေရဲ့နှလုံးသားတွေကို ရိုက်ခတ်လှုပ်ရှားစေခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ သူကိုယ်တိုင် ကိုဝင်းထွဋ်ဇော်ရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံပြီး ဂုဏ်ပြုစကားပြောကြားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာရှိတဲ့ ကိုရီးယားအစည်းအရုံးကလည်း ကိုဝင်းထွဋ်ဇော်အမှတ်တရ ပညာသင်ဆုတခုကို ချီးမြှင့်ဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာတဦးရဲ့ ခန္ဒကိုယ်အစိတ်အပိုင်းတွေနဲ့ ကိုရီးယား ၄ ဦးကို အသက်ကယ်ခဲ့ မြန်မာတဦးရဲ့ ခန္ဒကိုယ်အစိတ်အပိုင်းတွေနဲ့ ကိုရီးယား ၄ ဦးကို အသက်ကယ်ခဲ့ Reviewed by THITHTOOLWIN on 06:27 Rating: 5
Powered by Blogger.