ဒုက္ခသည်ရေတွက်ရာမှာ သိန်းနဲ့ချီကွာနေ

ဘင်္ဂလားဒေ့ရှ် ဖက် ထွက်ပြေးတဲ့ ဒုက္ခသည်တွေ
၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း အရေးအခင်း ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာသွားတဲ့ ဒုက္ခသည် အရေအတွက်ငါးသိန်း သုံးသောင်းကျော် ရှိတယ်လို့ ရခိုင် ပြည်နယ် အစိုးရ အတွင်းရေးမှူးဦးတင်မောင်ဆွေက မေးမြန်းခန်း တခုမှာ ဖြေကြားခဲ့ပါတယ်။

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ အရေအတွက်က ၇ သိန်း နီးပါး လို့ ဆိုထားပါတယ်။

၂၀၁၇ ဖြစ်စဉ် ဖြစ်ပြီးနောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ နယ်ခြားစောင့် ရဲတပ်ရင်းတွေ ၊ တပ်မတော်နဲ့ အရပ်ဖက် Volunteer အဖွဲ့တွေက ရွာတွေကို ဆင်းပြီး စာရင်း ကောက်ထားတဲ့ အတွက် အခု ကိန်းဂဏန်းတွေ ထွက်ပေါ်လာတာလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

ကုလသမဂ္ဂ အနေနဲ့က ကွင်းဆင်း ကောက်ထားတာ မဟုတ်ဘဲ ခန့်မှန်းပြောတာသာ ဖြစ်ကြောင်း သူက ဆိုပါတယ်။

အဲဒီ အရေးအခင်း မတိုင်ခင် ကတည်းကိုက ဆွဲ ၊ တင် ၊ စစ် ဆိုတဲ့ နယ်ခြားစောင့် ရဲက ပြုစုထားတဲ့ လ၀က က ပြုလုပ်တဲ့ စာရင်းဇယားတွေ ရေးဆွဲ ၊ မှတ်တမ်းတင် ၊ စီစစ်ထားတာတွေလည်း ရှိခဲ့ကြောင်း သူက ရှင်းပြပါတယ်။

ဘင်္ဂလားဒေ့ရှ် ဖက် ထွက်ပြေးတဲ့ ဒုက္ခသည် အရေအတွက်ကို ကုလသမဂ္ဂက ခုနှစ်သိန်း နီးပါးလို့ တစိုက်မတ်မတ် ပြောလာခဲ့တာ အတော်ကြာနေပြီး အခုမှ မြန်မာ အစိုးရက ငါးသိန်း သုံးသောင်းလို့ ထုတ်ပြန် ရတာကတော့ သူတို့ ဌာန ဆိုင်ရာတွေကြား တင်ပြထားတာ ရှိပေမယ့် တမြန်နေ့ကမှ ရခိုင်အရေး ဆိုင်ရာ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ လုပ်တာကြောင့် အဲဒီမှာ ထုတ်ပြန်ရတာလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည် ပြန်လည် လက်ခံရေးမှာလည်း ဘင်္ဂလားဒေ့ရှ် ဖက်က လူစာရင်း ရှစ်ထောင် ပေးပို့ထားတဲ့ အထဲက မြန်မာဖက်က လက်ခံလို့ ရတာက သုံးရာကျော် ဖြစ်နေရခြင်းနဲ့ ပတ်သက်လို့ သူက ရှင်းပြရာမှာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ နဲ့ နိုင်ငံခြားရေး ဌာနက အတွင်းဝန်ရယ် ၊ ဘင်္ဂလားဒေ့ရှ် ဖက် က ပြည်ထဲရေး အတွင်းဝန်နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ထားတဲ့ MOU ထဲမှာ ပုံစံတွေ ပေးလိုက်ပြီး အဲဒီ ပုံစံတွေနဲ့ အညီ ဖြည့်လာရင် မြန်မာဖက်က လူတယောက်ကို နှစ်မိနစ်လောက်ဘဲ ကြာအောင် စီစစ်နိုင်ပေမယ့် ခုဟာက အဲလို ပုံစံနဲ့ မလာဘဲ ပို့လိုက်တဲ့ ဓါတ်ပုံတွေကလည်း ဝါးတားတားနဲ့ ဒါကို လက်ခံစီစစ်ရမှာ တယောက်ကို နှစ်နာရီလောက်ကြာတဲ့ အပြင် ဒီစစ်တဲ့ အထဲမှာ မြန်မာနိုင်ငံမှာ နေထိုင်သွားသူတွေ မဟုတ်တာ ရှိသလို ၊ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ သူတွေ ပါလာတာ ရှိတာကြောင့် သူတို့ကို ထုတ်လိုက်ရင် လောလောဆယ် စီစစ်ပြီးလို့ ရတဲ့ သုံးရာကျော် စာရင်းကို ပေးပို့ လိုက်ရခြင်း ဖြစ်ကြောင်း ၊ သူက ပြောပါတယ်။

အကြမ်းဖက်မှုမှာ ပါတယ် ဆိုတာကို ပြောနိုင်ရခြင်းကတော့ အရေးအခင်း မဖြစ်ခင် စာရင်းကောက်ထားတာတွေ ရှိပြီး အဲဒီ အကြမ်းဖက်မှု ပါကြောင်း သိရတာကလဲ မျက်မြင် သက်သေတွေနဲ့ ဖမ်းမိသူတွေ စစ်ကြောချက် ၊ ထွက်ဆိုချင်အရ စာရင်းရှိပြီး အဲဒီ စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ် ဖက် တရားဝင် ပေးပို့ ထားတယ်လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဖက် ပေးပို့ထားတဲ့ လက်ခံလို့ရတဲ့ ဒုက္ခသည် သုံးရာကျော် ကို အခုအခါ တောင်ပြိုလက်ဝဲမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားသလို ၊ တာဝန် ထမ်းဆောင်မဲ့ ၀န်ထမ်းတွေလည်း အဆင်သင့် ဖြစ်နေကာ သူတို့လာရင် အဆင့်သင့် လက်ခံလို့ရတဲ့ အနေအထားမှာ ရှိနေမယ့် ဘယ်ရက်လာမလဲ ဆိုတာ အဆက်အသွယ် မလုပ်လာသေးသလို သတင်း အစအနလည်း မကြားမိသေးဘူးလို့ ရခိုင် ပြည်နယ် အစိုးရ အတွင်းရေးမှူးဦးတင်မောင်ဆွေ က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒုက္ခသည်ရေတွက်ရာမှာ သိန်းနဲ့ချီကွာနေ ဒုက္ခသည်ရေတွက်ရာမှာ သိန်းနဲ့ချီကွာနေ Reviewed by THITHTOOLWIN on 06:27 Rating: 5
Powered by Blogger.