ရခိုင်တွင် ကွမ်းရွက်ဈေး သုံးဆခန့်မြင့်တက်၍ ရောင်းသူ ၀ယ်သူအခက်တွေ့

( ဓာတ်ပုံ- ကွမ်းရွက်ခင်းတစ်ခုကိုတွေ့ရစဉ်)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်တွင် ကွမ်းရွက်ဈေး သုံးဆခန့်မြင့်တက်သွားသဖြင့် ကွမ်းရောင်းဝယ် ဖောက်ကားသူနှင့် စားသုံးသူများအနေဖြင့် အခက်ကြုံတွေ့နေကြရသည်ဟုသတင်းရရှိသည်။

ယခင်က ကွမ်းရွက် တစ်ပိသာ ကျပ် ၅၀၀၀ ခန့်ရှိရာမှ ယခုအခါ ကျပ် ၁၅၀၀၀ ထိ မြင့်တက် သွားသည်ဟု ရွက်စိမ်းကွမ်းယာဆိုင်ပိုင်ရှင် ဦးမဲလုံးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ အရင်နှစ်တွေကဆိုရင် ကွမ်း တစ်ပိဿကို ပိုက်ဆံ ၅ဝဝဝ ကျပ်ဘဲ ပေးရတယ်ဆိုတော့ ဈေးက မရှိသလောက်ပဲ။ မုန်းတိုင်းကျတဲ့ နှစ်ကတော့ ကွမ်းဈေး တအား တက်ခဲ့တယ်။ ဒါပေမယ့် ဒီလောက် မတက်ခဲ့ဘူး။ အခုတော့ တပိသာ ၁၅၀၀၀ ထိတက်သွားတော့ ရောင်းသူရော၊ စားသူတွေပါ အခက်တွေ့နေကြရပါတယ်” ဟု သူက ပြောဆိုသည်။

ကွမ်းဈေးတက်သဖြင့် ကွမ်းယာရောင်းသူများအနေဖြင့် လူမှုရေး အခက်အခဲများလည်း ဖြစ်ပေါ်လာသည်ဟု ဆိုသည်။

“ အခုကတော့ ကျနော်တို့က ကွမ်းစားတဲ့ လူတွေကိုတောင် အားနာနေရတယ်။ ကွမ်းဈေး တက်တော့ မရောင်းပဲနေရင်လည်း မိတ်ပျက်သွားမှာကို စိုးရိမ်ရတယ် ” ဟု ဦးမဲလုံးက ပြောသည်။

ကွမ်းရွက်ဈေးတက်နေသဖြင့် ယခင်က ကျပ် ၂၀၀ ဖိုးဆိုလျှင် ကွမ်းယာ ၅ ယာမှ ၆ ယာ အထိ ရရှိခဲ့သော်လည်း ယခုအခါ ကျပ် ၂ဝဝ ဖိုး ဆိုလျှင် ကွမ်း ၃ ယာ၊ ကျပ် ၁ဝဝ ဖိုးဆိုလျှင် ကွမ်း တစ်ယာသာ ရရှိကြောင်း ကွမ်းစားသုံးသူ ဦးကိုမောင်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ အရင်တုန်းကတော့ တစ်ယောက်ဝယ်လာတဲ့ ကွမ်း၊ တစ်ယောက်တောင်းစားလို့ ရတယ်။ အခုတော့ မရတော့ဘူး။ ကွမ်းစားတဲ့လူတွေက ကွမ်းတွေကို ၀ှက်ပြီး စားရတဲ့ အနေအထား ထိတောင် ရောက်လာတယ်။ ကွမ်းတစ်ယာ ကျပ် ၁ဝဝ ဆိုတော့လည်း တစ်ယောက်ကို တစ်ယောက် အလကား ပေးစားဖို့ဆိုတာ မလွယ်တဲ့ အနေအထားဖြစ်လာတာပေါ့” ဟု သူကဆိုသည်။

ကွမ်းစားတတ်သူအချင်းချင်းသည် ယခင်က တစ်ဦးဝယ်လာသည့် ကွမ်းကို တစ်ဦးက နှိုက်စား၊ တစ်ယောက်နှင့် တစ်ယောက် ပေးစားသည့် အလေ့အကျင့်ရှိခဲ့သော်လည်း ယခုအခါ ကွမ်းဈေး အလွန်မြင့်တက်နေသဖြင့် ယခင်ကလို ခင်မင်ရင်းနှီးမှုဖြင့် ယူစား၍ မရတော့သဖြင့် ကွမ်းယာ ယဉ်ကျေးမှုပါ ပျက်စပြုလာနေသည်ဟု သူက ပြောသည်။

ယခု ကွမ်းဈေးမြင့်တက်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးဟုလည်း ကွမ်းရောင်းသူ တစ်ဦးက ဆိုသည်။

မြင့်ကျော်နိုင်ကွမ်းရွက်အရောင်းဒိုင်ပိုင်ရှင် ဦးသန်းအောင်က “နယ်က လူတွေဝယ် ယူနေကြတာ များတယ်။ ဒီအတွက် ကွမ်းဈေးတွေ အများကြီး တက်လာတာပါ။ အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေ ယူနေကြတာ ပိုများပါတယ်။ ဒီလောက်ထိဈေးကြီးတာ တစ်ခါတောင် မကြုံဖူးဘူး။ ကျနော် ကွမ်းရောင်းလာတာ နှစ်ပေါင်း ၂ဝ ရှိပါပြီ” ဟုပြောသည်။

ရခိုင်ပြည်နယ်သည် ကွမ်းစားသုံးသူ များပြားသည့် ပြည်နယ် တစ်ခု ဖြစ်ပြီး ကွမ်းစားသုံးသူ တစ်ချို့သည် တစ်နေ့ကို ကျပ် ၅ဝဝ ဖိုးမှ ကျပ် ၅ဝဝဝ ကျော်ဖို့ အထိ ၀ယ်ယူစားသုံးမှုများလည်း ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် ကွမ်းရွက်စိုက်ပျိုးသည့် လုပ်ငန်းကို လုပ်ကိုင် ကြသော်လည်း အဓိက ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရှိရသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
ရခိုင်တွင် ကွမ်းရွက်ဈေး သုံးဆခန့်မြင့်တက်၍ ရောင်းသူ ၀ယ်သူအခက်တွေ့ ရခိုင်တွင် ကွမ်းရွက်ဈေး သုံးဆခန့်မြင့်တက်၍ ရောင်းသူ ၀ယ်သူအခက်တွေ့ Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.