မကွေးတိုင်း ၀န်ကြီးနှစ်ဦးနေရာအတွက် အဆိုပြုခံရသူတွေကို ကန့်ကွက်တဲ့အကြောင်း ဆော ကိုယ်စားလှယ် ပြော

မကွေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပခဲ့စဉ်။ ဓါတ်ပုံ - ဇော်တူး /RFA
မကွေးတိုင်း အစိုးရအဖွဲ့အတွင်း လစ်လပ်နေတဲ့ ၀န်ကြီးနှစ်နေရာအတွက် တိုင်းဒေသကြီး ၀န်ကြီးချုပ်က အဆိုပြု တင်သွင်းထားသူ ၂ ဦးဟာ အရင်အစိုးရအဆက်ဆက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေဖြစ်တာကြောင့် ကန့်ကွက်ရ တာဖြစ်တယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်က ဒီနေ့ ပြောပါတယ်။

အစိုးရခေတ်အဆက်ဆက်မှာ ၀န်ထမ်းလုပ်ခဲ့တာကြောင့် ခေါက်ရိုးကြိုးမပြေတဲ့သူတွေ ဖြစ်နေတာကြောင့် ရှေ့ဆက်သွားရမယ့်လမ်းတွေမှာ အခက်အခဲဖြစ်နိုင်တဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်လို့ ဦးကျော်မြင့်က ပြောပါတယ်။

"ခေတ်အဆက်ဆက်က ခေါက်ရိုးကျိုး မပြေသေးတဲ့သူတွေဖြစ်နေတယ် သူတို့က။ ဒါတွေက ဒီလိုပဲရောက် လာမယ်ဆိုရင် ကျနော်တို့ဟာ ရှေ့ကိုဆက်သွားရမယ့်လမ်းတွေမှာ အခက်ခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ခေတ်အဆက်ဆက်မှာ လုပ်လာတဲ့ လူကြီးတွေဖြစ်ပါတယ် သူတို့ဟာ။ ဒီလိုဖြစ်လာတော့ သူတို့မှာ ခေတ်အဆက် ဆက်ကရယ်လို့ ဌာနဆိုင်ရာအကြီးအကဲတွေဖြစ်တော့ အောက်လက်ငယ်သားတွေကို ခြိမ်းခြောက်ငေါက်ငမ်းပြီး မှ ဖြစ်လာတဲ့သူတွေဖြစ်တယ်။ ဘယ်လိုရိုးသားတယ်ဆိုပေမယ့် သူတို့ခေတ်တုန်းက ရိုးသားတယ်ဆိုတာက မလုပ်၊ မရှုပ်၊ မပြုတ် ခေတ်ဖြစ်နေတယ်။ သူတို့လုပ်ပုံကိုင်ပုံ သူတို့သမိုင်းကြောင်းကို ကြည့်မှ ကျနော်တို့က တိကျလာမှာဖြစ်ပါတယ်။ ဒီလိုလူတွေကို ကန့်ကွက်ခြင်းဖြစ်ပါတယ်"

ဝန်ကြီးချုပ် အဆိုပြုထားသူ ၂ ဦးကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၀ (ဃ) အရ ကန့်ကွက်တာဖြစ်တယ်လို့ ဦးကျော်မြင့်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က လွှတ်တော်ထံ အဆိုပြုထားသူ ၂ ဦး အမည်စာရင်းကို ပေးပို့ရာမှာ ကန့်ကွက် ထားတဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ၁၇ ဦး ရှိပါတယ်။  ကန့်ကွက်သူတွေ ရှိတာကြောင့် အချိန်ယူစိစစ်ဖို့ဆိုပြီး လွှတ်တော် အစည်းအဝေးကို လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကျင်းပဖို့ ပြောင်းရွှေ့ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မကွေးတိုင်းအစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနေရာနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီးနေရာ တွေအတွက် အငြိမ်းစား တွဲဖက်ပညာရေးမှူး ဦးအောင်ကျော်မိုးနဲ့ အငြိမ်းစား ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးငွေ တို့ကို အဆိုတင်သွင်းထားတာဖြစ်ပါတယ်။

ဦးအောင်ကျော်မိုးဟာ လက်ထောက်ပညာရေးမှူး တာဝန်ထမ်းဆောင်စဉ်က ကျောင်းဆရာတစ်ဦးကို နိုင်ငံရေး လုပ်လို့ဆိုပြီး ခုံရုံးဖွဲ့စစ်ဆေးရာမှာ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်တာကြောင့် ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။ အဲဒီအချိန်က စစ်ဆေးခံခဲ့ရတဲ့ ကျောင်းဆရာဟာ လက်ရှိ မကွေးတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင် ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
မကွေးတိုင်း ၀န်ကြီးနှစ်ဦးနေရာအတွက် အဆိုပြုခံရသူတွေကို ကန့်ကွက်တဲ့အကြောင်း ဆော ကိုယ်စားလှယ် ပြော မကွေးတိုင်း ၀န်ကြီးနှစ်ဦးနေရာအတွက် အဆိုပြုခံရသူတွေကို ကန့်ကွက်တဲ့အကြောင်း ဆော ကိုယ်စားလှယ် ပြော Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.