ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရမှု ဆက်စပ် သံသယနှင့် ဖမ်းဆီးခံထားရသူ မြောက်ဦးတွင် ၆ ဦးရှိ

(ဖမ်းဆီးခံထားရသူ အားလုံးသည် ယခု ဓာတ်ပုံ ဖော်ပြထားသည့် တိန်ညိုကျေးရွာမှ ဖြစ်ကြသည်။
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှု ဆက်စပ် သံသယနှင့် ဖမ်းဆီးခံထားရသူမှာ မြောက်ဦးတွင် စုစုပေါင်း ၆ ဦးရှိကြောင်း သတင်းရရှိသည်။

“ အခု အဖမ်းခံထားရတာက မြောက်ဦးရဲစခန်းမှာ ၄ ဦး၊ အဲဒီမှာ အမျိုးသမီး တစ်ဦးပါဝင်တယ်။ ကျန် ၂ ဦးကတော့ မြောက်ဦးရဲ ခရိုင်ရုံးမှာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဉ္စရာသို့ ပြောကြားသည်။

မြောက်ဦးရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှာ တိန်ညိုကျေးရွာမှ ဦးအေးကျော်ထွန်း၊ ဦးကျော်မြင့်၊ ဦးမောင်ဝင်းလိုင်နှင့် မချိုချိုဦးတို့ ဖြစ်ကြပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီး စစ်ဆေးခံနေကြရသူများမှာ ဦးဝင်းဇော်နှင့် ဦးခင်မောင်မြင့်တို့ ဖြစ်ကြသည်ဟု သိရသည်။

မြောက်ဦးရဲစခန်းတွင် ဖမ်းဆီးခံထားရသူ ၄ ဦးထဲမှ အမျိုးသမီး တစ်ဦးပါဝင်ရာ သူမမှာ မချိုချိုဦးဖြစ်ကြောင်း၊ ဦးဘိုဘိုမင်းသိုက်အား မြောက်ဦးမှ စစ်တွေသို့ ကားမောင်းပို့ရာတွင် ဒရိုင်အဖြစ် လိုက်ပါလာခဲ့သူဟု စွပ်စွဲခံထားရသူ ဦးမျိုးချစ်အောင်၏ ဇနီးဖြစ်ကြောင်း သိရသည်။

“ ကားပေါ်မှာ ပါတဲ့သူလို့ စွပ်စွဲခံထားရသူ သုံးဦးကတော့ ဖမ်းမမိလိုက်ဘူးလို့ သိရပါတယ်။ မချိုချိုဦးဟာ ကားမောင်းသူလို့စွပ်စွဲခံထားရသူ မျိုးချစ်အောင်ရဲ့ ဇနီးဖြစ်ပါတယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်သူများ အဖြစ် စွပ်စွဲခံထားရသူ ၃ ဦးမှာ စပိုင်၊ ဇော်မျိုးအောင်နှင့် မျိုးချစ်အောင်တို့ဖြစ်ကြသည်။

ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/၁၁၄ ဖြင့် အမှု ဖွင့် အရေးယူဆောင်ရွက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

၎င်းအမှုနှင့် ဆက်စပ်ပြီး ယခင် တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ကျော်မြင့် (ခ)ခိုင်ကျော်၊ ၎င်း၏ဇနီး ဒေါ်ကြည်ကြည်ဝင်း၊ သားဖြစ်သူ မင်းသန်းထိုက် (ခ) မင်းသန်းဌေးနှင့် ၎င်း၏ ဇနီး မခိုင်ဇာလှိုင်တို့အားလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည်။

ယခင်မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်သည် ဇန်န၀ါရီ ၃၀ ရက်နေ့ ညနေက မြောက်ဦးမြို့မှ စစ်တွေသို့ ကားနှင့်အလာ ပုဏ္ဍားကျွန်းမြို့ သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာ အကြားတွင် သတ်ဖြတ်ခံခဲ့ရသည်။

“ နောက်ဆုံး ရရှိတဲ့ သတင်းက မြောက်ဦးရဲစခန်းမှာ အဖမ်းခံထားရတဲ့ ဦးအေးကျော်ထွန်း၊ ဦးကျော်မြင့်၊ ဦးမောင်ဝင်းလိုင်တို့ ၃ ဦးကို မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)၊ ၁၇(၂) တို့နဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်” ဟု မြောက်ဦးပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara

ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရမှု ဆက်စပ် သံသယနှင့် ဖမ်းဆီးခံထားရသူ မြောက်ဦးတွင် ၆ ဦးရှိ ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရမှု ဆက်စပ် သံသယနှင့် ဖမ်းဆီးခံထားရသူ မြောက်ဦးတွင် ၆ ဦးရှိ Reviewed by THITHTOOLWIN on 16:36 Rating: 5
Powered by Blogger.