အငှားယာဉ် ငှားရမ်းစီးနင်းလာစဉ် ယာဉ်ပေါ်၌ လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေး တိုင်တန်းသူအား အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဖေဖော်ဝါရီလ ၈

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ် သရက်တောကျောင်းတိုက်အနီးမှ ပန်းဆိုးတန်း သို့သွားရန် မလှိုင်နှင်းဝေမှ အငှားယာဉ်တစ်စီး ငှားရမ်းစီးနင်းခဲ့ရာ မော်တော်ယာဉ်ပေါ်တွင် လုယက် ခံရကြောင်း ကြည့်မြင်တိုင်ရဲစခန်းသို့ လာရောက်တိုင်တန်းသည့် အမှုမှာ ဖြစ်စဉ်အမှန်မဟုတ်ဘဲ မမှန်သတင်းပေးတိုင်တန်း ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တိုင်တန်းသူအား အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၀၆၁၅ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ မလှိုင်နှင်းဝေသည် မိဘများနှင့် ချိန်းဆိုထားသဖြင့် ပန်းဆိုးတန်းသို့သွားရန် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ် လမ်းပေါ် သရက်တောကျောင်းတိုက်အနီးမှ ယာဉ်အမှတ် EE-----
Coldinar တက္ကစီ တစ်စီးအား ငှားရမ်းစီးနင်းလာခဲ့ရာ ယာဉ်မောင်းမှ ပန်းဆိုးတန်းသို့ မသွားဘဲ ကွေ့ပတ်မောင်းနှင်ကာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းလမ်းဆုံတွင် မီးပွိုင့်မှမီးနီသဖြင့် မော်တော်ယာဉ်ရပ်ထားစဉ် အမည်မသိ အမျိုးသားတစ်ဦး ယာဉ်ပေါ်သို့ တက်လာပြီး ၄င်းထံမှ ပိုက်ဆံ
အိတ်အား လုယူခဲ့ရာ အမျိုးသားက လက်နှစ်ဖက်အား ဖမ်းချုပ်ပြီး ပါးစပ်ကိုလက်ဖြင့် ပိတ်ကာ ယာဉ်မောင်းထံမှ ကတ်ကြေးတောင်းယူ၍ ၄င်း၏အင်္ကျီကို ကတ်ကြေးဖြင့် ဖြဲခဲ့ကြောင်း၊ ကြယ်သီးနှစ်လုံး ပြုတ်သွားပြီး ပိုက်ဆံအိတ်လုသွားခဲ့ကြောင်း၊ အငှားယာဉ်ကို လှည့်ပတ်မောင်းပြီး
ကြည့်မြင် တိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးဟောင်းရှေ့တွင် ယာဉ်ပေါ်မှချထားခဲ့ကြောင်း၊ ၄င်းထံမှ VIVO အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေကျပ် ၅၀၃၀၀၀ ထည့်ထားသည့် ပိုက်ဆံအိတ် ပါဆုံးသွားကြောင်း ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် (ပ)၃၃/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၃၅၄/၄၂၇ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှန် ပေါ်ပေါက်ရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ တိုင်တန်းသူ မလှိုင်နှင်းဝေ၏ ထွက်ဆိုချက်မှာ ရှေ့နောက် ညီညွတ်မှုမရှိဘဲ ကွဲလွဲစွာ ထွက်ဆိုနေကြောင်း၊ ၄င်းငှားရမ်းစီးနင်းလာသည့် ယာဉ်အမှတ် EE----- Coldinar ယာဉ်ဖြတ်သန်းမောင်းနှင်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိ
မှတ်တမ်းများကြည့်ရှုစစ်ဆေး ခဲ့ရာတွင် အဆိုပါ ယာဉ်ဖြတ်သန်းမောင်းနှင်ခဲ့သည့် မှတ်တမ်းများ မတွေ့ရှိခဲ့ရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တိုင်တန်းသူ မလှိုင်နှင်းဝေအား အသေးစိတ် စစ်ဆေးခဲ့ရာ ၄င်းတိုင်တန်းသည့်အမှုမှာ ဖြစ်စဉ်အမှန်မဟုတ်ဘဲ၊ ၄င်းထံ၌ ငွေမရှိဘဲ မိဘများအား
ပိုက်ဆံပေးမည်ဟု ပြောဆို၍ ရန်ကုန်သို့ လာရောက်ရန် ချိန်းဆိုပြောဆိုခဲ့ရာ မိဘများ ရန်ကုန်သို့ရောက်ရှိစဉ် ပိုက်ဆံပေးစရာမရှိသဖြင့် အကြောင်းပြပြီး လိမ်လည်၍ မမှန်မကန် သတင်း ပေးတိုင်တန်းခဲ့ကြောင်း ပေါ်ပေါက် ခဲ့ပါသည်။

အငှားယာဉ် ငှားရမ်းစီးနင်းလာရာမှ လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်မကန်သတင်းပေးတိုင်တန်းသူ မလှိုင်နှင်းဝေအား ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၁၈၂ ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်တရားရုံး ရာကြီးအမှတ် ၇၉ / ၁၈ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ လှိုင်နှင်းဝေအား အလုပ်နှင့် ထောင်ဒဏ် (၃)လချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
အငှားယာဉ် ငှားရမ်းစီးနင်းလာစဉ် ယာဉ်ပေါ်၌ လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေး တိုင်တန်းသူအား အမှုဖွင့်အရေးယူ အငှားယာဉ် ငှားရမ်းစီးနင်းလာစဉ် ယာဉ်ပေါ်၌ လုယက်ခံရကြောင်း ရဲစခန်းသို့ မမှန်သတင်းပေး တိုင်တန်းသူအား အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.