ဘုရားမြေကို သိမ်းလို့ဆိုပြီး သံဖြူဇရပ်မှာ ဆန္ဒပြ

ကျိုက်ခမီမြို့ မြစိမ်းရောင်ဘုရားဝတ္တကမြေကို မတရားသိမ်းယူထားတယ်ဆိုပြီး မွန်ဝန်ကြီးချုပ်နဲ့ ထွေအုပ်ကို သံဖြူဇရပ်မြို့မှာ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆန္ဒပြစဉ်/ Photo: RFA
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက်က္ခမီမြို့ရှိ မြစိမ်းရောင်ဘုရားဝတ္တကမြေဟာ ဂရန်မရှိဘူးဆိုပြီး လုပ်ပိုင်ခွင့်နဲ့ မတရားသိမ်းယူခဲ့တယ်ဆိုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို ဒေသခံ ၂၀၀ လောက်က ဒီနေ့ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ဘုရားမြေမှန်းသိပါရက်နဲ့ လုပ်ပိုင်ခွင့်အသုံးချပြီး မတရားသိမ်းယူတာကြောင့် ဆန္ဒပြတာလို့ ဦးဆောင်သူ ဒေသခံ ဦးအောင်ကိုလတ်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဒီနေ့မနက်ပိုင်းက သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်မှာရှိတဲ့ စစ်သင်္ချိုင်းရှေ့ကနေ ကားလမ်းမကြီး အတိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထိ လမ်းလျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဘာသာ သာသနာ ကျူးကျော်စော်ကားမှုများ ရပ်တန့်ရေး၊ ဂရန်မရှိဟု အကြောင်းပြကာ မြစိမ်းရောင်ဘုရားမြေ သိမ်းဆည်းမှုရပ်တန့်ရေး၊ ဘုရားဝတ္တကမြေ မတရားသိမ်းဆည်းတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို အရေးယူဆောင် ရွက်ပေးရေးနဲ့ ဘာသာ သာသနာ စော်ကားသူ အလိုမရှိကြောင်းနဲ့ ပြည်သူ့အသံနဲ့ ဘာသာ သာသနာ အလေးမထား တဲ့ ဝန်ကြီးချုပ် အလိုမရှိဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြို့နယ်သံဃနာယကအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် မြေစာရင်း ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနဲ့ ဘုရားဂေါပကတွေ၊ ရပ်မိရပ်ဖတွေ တွေ့ဆုံခဲ့ပြီး အဲဒီဘုရားဝတ္တကမြေကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေဖြစ်တာကြောင့် မီးသတ်ရေကန် တည်ဆောက်မယ်ဆိုပြီး အုပ်ချုပ်ရေးဘက်က အသိပေးပြောကြားခဲ့ပါတယ်။

မြို့အတွက် မီးသတ်ရေကန် တည်ဆောက်တာဖြစ်တဲ့အတွက် မကန့်ကွက်ဖို့ဆိုပြီး မြို့နယ်သံဃနာယက ဆရာတော်တွေက မြို့မိမြို့ဖတွေကို မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘုရားဝတ္တကမြေအတိုင်းသာထားရှိဖို့ ဒီနေ့ ဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို သံဖြူုဇရပ်မြို့မှာရှိတဲ့ အမျိုးသားရေးအင်အားစုတွေအပြင် မော်လမြိုင်နဲ့ မုဒုံမြို့နယ်တွေမှာရှိတဲ့ အမျိုးသားရေး အင်အားစုတွေ ပါဝင်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဘုရားမြေကို သိမ်းလို့ဆိုပြီး သံဖြူဇရပ်မှာ ဆန္ဒပြ ဘုရားမြေကို သိမ်းလို့ဆိုပြီး သံဖြူဇရပ်မှာ ဆန္ဒပြ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.