ဆန္ဒပြပွဲ ကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ်/အဖွဲ့အစည်းကို ဖော်ပြရမယ့် ငြိမ်းစုစီ ဥပဒေကြမ်း တင်သွင်း

အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်/ Photo: Win Ko Ko Latt/ RFA
ဆန္ဒပြပွဲ ပြုလုပ်မယ်ဆိုရင် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့်ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ဖော်ပြရမယ့် အချက်တွေ ထည့်သွင်းထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းတာ ဖြစ်ပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ဥပဒေရဲ့ အကာအကွယ်ကို  အခွင့်အရေးအဖြစ် အသုံးပြုပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို သိလျက် နဲ့ တမင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ နှောင့်ယှက်ဖျက်ဆီးမယ့် အန္တရာယ်ကနေ ကာကွယ်ဟန့်တားဖို့ လိုအပ်ကြောင်း ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မကြာသေးခင်က ဆန္ဒပြပွဲတချို့မှာ ပါဝင်သူတွေကို တစ်ဦးကို ငွေကျပ် သုံးထောင်၊ ငါးထောင် စသဖြင့် ပေးတာတွေ ရှိတဲ့ သတင်းတွေ ကြားနေရတယ်လို့လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးဇော်မင်း က ပြောပါတယ်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် ဆန္ဒပြမယ့်နေ့ မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်ပြီး စာနဲ့ ပေးပို့တင်ရမယ်လို့ ဥပဒေကြမ်းမှာ အစားထိုးထားပါတယ်။

ဒါ့အပြင် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားစေဖို့ အကြံကို သိလျက် ငွေ ဒါမှမဟုတ် ပစ္စည်းကို ပေးပြီး ဆန္ဒဖော်ထုတ်အောင် လှုံ့ဆော်ရင် သွေးဆောင်ဖြားယောင်းရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ဥပဒေကြမ်းမှာ ပြင်ထားပါတယ်။

ဆန္ဒပြပွဲရဲ့ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို ဖော်ပြရမယ်လို့ ဥပဒေကြမ်းမှာ ပြင်ဆင်ထားပေမယ့် ထည့်သွင်းမဖော်ပြထားရင် အရေးယူမှာမဟုတ်ကြောင်း သိရပါတယ်။

အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှာ ကြားနာမှာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
ဆန္ဒပြပွဲ ကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ်/အဖွဲ့အစည်းကို ဖော်ပြရမယ့် ငြိမ်းစုစီ ဥပဒေကြမ်း တင်သွင်း ဆန္ဒပြပွဲ ကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ်/အဖွဲ့အစည်းကို ဖော်ပြရမယ့် ငြိမ်းစုစီ ဥပဒေကြမ်း တင်သွင်း Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.