ဗိုလ်တထောင်မြို့နယ်တွင် မုဒိမ်းမှုကျူးလွန်ခဲ့သူမှ လုယက်မှု၊ ခိုးမှုများ ကျူးလွန်ခဲ့


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပစ္စည်း၊ ငွေများခြောက်လှန့်တောင်းယူပြီး မုဒိမ်းမှုကျူးလွန်ခဲ့သူမှ မဟာဗန္ဓုလတံတားပေါ်မှာ စကားပြောနေသည့် စုံတွဲထံမှ ဖုန်းတစ်လုံးကို လုယက်ခဲ့ပြီး တံတားအဆင်းမှာ စက်ဘီးတစ်စီးကိုပါ ခိုးယူခဲ့မှုကို ဖော်ထုတ်ရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာ သတင်းထုတ်ပြန်ပါသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လည် ၂ နာရီအချိန် ဗိုလ်တထောင်မြို့နယ်၊ (၄၂)လမ်း၊ ဆောက်လက်စ (၈)ထပ် အဆောက်အအုံ၏ ပထမထပ် တိုက်ခန်းတွင် သားဖြစ်သူနှင့် အလုပ်သမားများမှ ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေစဉ် မိခင်ဖြစ်သူ ဒေါ်-----(၅၀)နှစ်သည် ဆောက်လက်စတိုက်ခန်းတွင် တစ်ဦး တည်းရှိ နေစဉ် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက နားကပ်နှင့် ငွေကျပ်(၂)သိန်းတို့အား ခြိမ်းခြောက် တောင်းယူခဲ့ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့သူ မျိုးမင်းသူ(ခ)မျိုးဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ခဲ့ကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

အဆိုပါ ဖမ်းဆီးရမိသူ မျိုးမင်းသူ(ခ)မျိုးဦးအား အခြားအမှုများကျူးလွန် ထားခြင်းရှိ မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၈ခုနှစ်၊ ဇန်န၀ါရီလ အတွင်းက ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတားပေါ် စကားပြောနေသည့် စုံတွဲထံမှ Huawei G 700 အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးအား
လုယက်ခဲ့ကြောင်း ၊ ၎င်းတံတားအဆင်း၌ပင် Marukin စာတန်းပါ ရပ်ထားသော မိန်းမစီးစက်ဘီးတစ်စီးအား ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်များအရ မျိုးမင်းသူ(ခ)မျိုးဦးအား ဒေါပုံမြို့မရဲစခန်းတွင် အမှုများအသီးသီးရေးဖွင့်ကာ ထိရောက် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်


ဗိုလ်တထောင်မြို့နယ်တွင် မုဒိမ်းမှုကျူးလွန်ခဲ့သူမှ လုယက်မှု၊ ခိုးမှုများ ကျူးလွန်ခဲ့ ဗိုလ်တထောင်မြို့နယ်တွင် မုဒိမ်းမှုကျူးလွန်ခဲ့သူမှ လုယက်မှု၊ ခိုးမှုများ ကျူးလွန်ခဲ့ Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.