ကျိုင်းလပ် မြို့နယ်မှာ တရုတ်မယား အဖြစ် ရောင်းစားမှုဖြစ်ပွား

တာချီလိတ်ခရိုင် ပန်ပဲ(အောက်)ကျေးရွာရှိ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေသူက တရုတ်နိုင်ငံမှာ အလုပ်ရမယ်ပြောဆိုပြီး တရုတ်မယား အဖြစ် ရောင်းစားမှုဖြစ်ပွား

တာချီလိတ်၊ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ် မြို့နယ် ပန်ပဲ(အောက်)ကျေးရွာနေ မရှဲမွေ (၂၅)နှစ် ဆိုသူကို တစ်ရွာတည်းနေ မနာဟား က တရုတ်နိုင်ငံ မှာ တစ်လ (ယွမ် ၃၀၀၀) နဲ့ ရမှာဟု ပြောဆို စည်းရုံး ပြီးနောက် တရုတ်မယားအဖြစ် အရောင်းစားခဲ့တဲ့ အတွက် ယနေ့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ညနေ (၄)နာရီ (၄၅)မိနစ် အချိန်ခန့်က လာရောက် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဖြစ်စဉ်မှာ ယနေ့မနက်က ပန်ပဲ(အောက်) ကျေးရွာသူကြီး ဦးဗေလာဆာ၊ ဒေါ်နိုးရာဆန်း နဲ့အတူ မရှဲမွေ (၂၅)နှစ် ပန်ပဲ(အောက်) ရွာ၊ နမ့်ခင်းကျေးရွာ အုပ်စု၊ ကျိုင်းလပ်မြို့ နေသူတို့က တစ်ရွာနေသူ မနာဟားမှ မရှဲမွေ ကို တရုတ်နိုင်ငံကို ရောင်းစားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ စိတ်(၁)ရုံးကို လာရောက်တိုင်ကြားခဲ့တဲ့ အတွက် မရှဲမွေ ကို မေးမြန်းရာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ (၃)လပိုင်းခန့်က တစ်ရွာတည်းနေ မနားဟားမှ တရုတ်နိုင်ငံ ဟိုတောင်းမြို့ရှိ ခေါက်ဆွဲဆိုင်မှာ တစ်လ (ယွမ် ၃၀၀၀) ဖြင့် အတူသွားရောက် လုပ်ကိုင်မယ်ဟု ပြောဆိုခဲ့ပြီး တာလေမြို့ကို သွားရောက်ခဲ့ကြောင်း၊ တာလေမြို့ကို ရောက်ရှိနေစဉ် မနာဟားမှ သူမကို အရင်သွားနှင့်ရန် (၁/၂)ရက်ကြာ မှ လိုက်လာမယ်ဖြစ်တဲ့ အတွက် မိုင်းဖြတ်မြို့မှာ ကျလောဘို စောင့်ကြိုနေမယ်ဟု ပြောဆိုကာ အဌား တက္ကစီ ဆိုင်ကယ်ပေါ် တင်ဆောင်ပေးခဲ့ကြောင်း၊ မိုင်းဖြတ် ရောက်စဉ် ကျလောဘို ၏ဇနီး နာလောဘို မှ စောင့်ကြို ခဲ့ကြောင်း၊ ကျလောဘို ဆိုင်ကယ်နဲ့ မိုင်းဖြတ် ကျိုင်းတုံ မိုးလဲမှ တရုတ်နိုင်ငံအထိ သူတို့ လင်မယား (၂)ဦးနဲ့အတူ သွားရောက်ခဲ့ပြီး တရုတ်သူဌေးထံကို (ယွမ် ၃၃၀၀၀)ဖြင့် ပိုဆောင် ရောင်းစား ခံခဲ့ရကြောင်း၊ တရုတ် အမျိုးသားထံမှာ ကလေးမွေးပေးရန် အဓမ္မ ကိုယ်ဝန် ဆောင်ခိုင်းစေ ခံခဲ့ရကြောင်း၊ (၉)လခန့် ဇနီးမယားဖြင့် အတူနေခဲ့ရပြီး ထွက်ပြေးခဲ့ရာမှ လူမျိုးတူ ဟားဟူအမျိုးသား (၁)ဦး အကူအညီဖြင့် လွတ်လာ ခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တရုတ်မယားအဖြစ် ပို့ဆောင် ရောင်းစားခဲ့တဲ့ မနာဟား (၃၅)နှစ်၊ ကျလောဘို (ပြေး)၊ နာလောဘို (ပြေး) တို့ကို မိုင်းပါလျှိုး နယ်မြေရဲစခန်းမှာ (ပ) ၂/၂၀၁၈ လကက ၂၄ ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားပြီး တရားခံပြေးဖြစ်တဲ့ ကျလောဘို၊ နာလောဘို တိုနှစ်ဦး ကို အမြန်ဆုံးဖမ်းရမိရေးအတွက် ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - လူကုန်တားရဲတပ်ဖွဲ့
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကျိုင်းလပ် မြို့နယ်မှာ တရုတ်မယား အဖြစ် ရောင်းစားမှုဖြစ်ပွား ကျိုင်းလပ် မြို့နယ်မှာ တရုတ်မယား အဖြစ် ရောင်းစားမှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:56 Rating: 5
Powered by Blogger.