မြန်မာ စစ်တပ်ကို အရေးယူဖို့ ကုလမှာ ကန်ပြောကြား


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley နစ်ကီး ဟေးလီက လုံခြုံရေးကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်ခဲ့မှုတွေအပေါ် တာဝန်ရှိတဲ့ မြန်မာစစ်တပ်အရာရှိတွေကို အရေးယူဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီလို ကြောက်မက်ဖွယ်ရာ အကြောင်းအရာတွေ ဖြစ်ပေါ်ခဲ့တာကို အသိအမှတ်ပြုရေးအတွက် ဖိအားပေးပါလို့ ပြောကြားလိုက်ပါတယ်။

မြန်မာအစိုးရအတွင်း အာဏာရှိတဲ့ အင်အားစုတွေက ရခိုင်ပြည်နယ်မှာ လူမျိုးတုံးရှင်းလင်းမှုတွေ ဖြစ်ပွားခဲ့တယ်ဆိုတာကို ငြင်းပယ်ခဲ့ကြောင်းလည်း လုံခြုံရေးကောင်စီမှာ သူမက ပြောပါတယ်။ ဒ့ါအပြင် မြန်မာအစိုးရဟာ သူတို့ အဲဒီလို ငြင်းပယ်ပြောဆိုခဲ့တဲ့အချက် မှားယွင်းကြောင်း ဘယ်သူကမှ ထုတ်ဖေါ်ပြောဆိုလို့ မရအောင် လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်သွားပြီး စုံစမ်းခွင့်မပြုဘဲ ပိတ်ပင်ထားတယ်ပါတယ်လို့ ပြောဆိုခဲ့တဲ့အပြင် ရိုက်တာသတင်းဌာနက ထုတ်ဖေါ်တင်ပြခဲ့တဲ့ အင်းဒင်ရွာ လူသတ်မှုဟာ လူသားအဖြစ် ရပ်တည်မှုကို ဆန့်ကျင်တဲ့ ပြစ်မှုဖြစ်တယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောကြားပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် မရှိမဖြစ် လိုအပ်ကြောင်းနဲ့ ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေကို ပြန်လွတ်ပေးဖို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့ကကျင်းပတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဗြိတိန်၊ နယ်သာလန်၊ ပြင်သစ်နဲ့ ဆွီဒင်အစရှိတဲ့ နိုင်ငံကိုယ်စားလှယ်တွေကလည်း ရခိုင်ပြည်နယ်မှာ လူအစုအပြုံလိုက် သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ပုံနဲ့ သတင်းထောက်တွေ အကျဉ်းချခံနေရပုံတွေကို ဝေဖန်ထောက်ပြခဲ့ကြပါတယ်။ ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးကတော့ အင်းဒင်ရွာမှာ ARSA အစွန်းရောက် မွတ်စလင်အကြမ်းဖက်အဖွဲ့ဝင် ၁ဝ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးငယ်တဦးဖြစ်တဲ့ Shahriar Alam ရှာရီယား အလမ် က သူတို့နိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဗုဒ္ဓဟူးနေ့ မနေ့က တွေ့ဆုံရာမှာ ရိုဟင်ဂျာတွေပြန်ခေါ်ရေးအတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားပေးကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာ စစ်တပ်ကို အရေးယူဖို့ ကုလမှာ ကန်ပြောကြား မြန်မာ စစ်တပ်ကို အရေးယူဖို့ ကုလမှာ ကန်ပြောကြား Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.