Mytelမှာ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြု ကုမ္ပဏီ ရင်းနှီးမြှုပ်နှံထား

ရင်းနှီးမြှုပ်နှံမှုထဲမှာ Myanmar National Telecom Holdings အများပိုင် ကုမ္ပဏီက ၂၃ ရာခိုင်နှုန်း ပါဝင်
ပြည်တွင်းမှာ စတုတ္တမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်လာတဲ့ Telecom International Myanmar Company Limited(Mytel)မှာ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းက ထည့်ဝင် ရင်းနှီးမြှုပ်နှံထားပါ တယ်။

ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် Viettel ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ အတူ ရင်းနှီးမြှုပ်နှံမှုထဲမှာ Myanmar National Telecom Holdings အများပိုင် ကုမ္ပဏီက ၂၃ ရာခိုင်နှုန်း ပါဝင်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနအောက်က မြန်မာစီးပွားရေး ကော်ပိုရေးရှင်းပိုင် Star High ကုမ္ပဏီ က ရှယ်ယာ ၂၈ ရာခိုင်နှုန်းနဲ့ အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကျော် ထည့်ဝင်ထား တယ်လို့ Telecom International Myanmar Company Limited (Mytel)ရဲ့ ပြောခွင့်ရ ဦးဇင်မင်းဦး က ပြောပါတယ်။

နိုင်ငံတော်ကိုယ်စားပြု ဝန်ကြီးဌာနတွေကို ဒီလို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကနဦး မေးမြန်းတဲ့အခါ ဝန်ကြီးဌာန ၃ခုလောက် လျှောက်ထားခဲ့ရာကနေ ကာကွယ်ရေး ဝန်ကြီးဌာနကို ရွေးချယ်ခဲ့ပါတယ်လို့ သူက ဆိုပါတယ်။

ဒီနောက် ဒီဝန်ကြီးဌာနလက်အောက်က စီးပွားရေး လုပ်နေတဲ့ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းကို တာဝန်ပေးခဲ့တာလို့ ဦးဇင်မင်းဦးက ပြောပါတယ်။

အခု ဆက်သွယ်ရေးအော်ပရေတာသစ် Mytelမှာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High ကုမ္ပဏီ က ဦးခင်မောင်စိုးက ဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။

၃နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁.၃ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင် သွားဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
၃နှစ်အတွင်း အမေရိကန် ဒေါ်လာ ၁.၃ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင် သွားဖို့ ရှိနေတယ်
ဖေဖော်ဝါရီ ၁၁ ရက်မှာကျင်းပတဲ့ Mytel ကုမ္ပဏီ မိတ်ဆက်ပွဲအခမ်းအနားမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက် စကား ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအောက်က မြန်မာစီးပွားရေးကော်ပိုရေးရှင်းဟာ စက်ရုံတွေ တွင်းထွက်တူးဖော်တဲ့ လုပ်ငန်းတွေလို ရင်းနှီးမြှုပ်နှံမှုကြီးတွေ လုပ်ဆောင်နေပါ တယ်။

လောလောဆယ်မှာတော့ Mytel အနေနဲ့ မြို့ကြီး ပြကြီးတွေမှာ ဆက်သွယ်ရေးလိုင်း တာဝါတိုင်တွေ ဆောက်နေပြီး အခု ဖေဖော်ဝါရီလကုန်မှာ ဆင်းမ်ကဒ်တွေ စရောင်းဖို့လည်း ရှိနေပါတယ်။

လာမယ့် မတ်လကုန်မှာ တနိုင်ငံလုံး အနှံ့ ကွန်ရက်တွေကို ဆက်သွယ်ချိတ်နိုင်ဖို့ ပြင်ဆင်နေပြီး သူတို့ရဲ့ ဆက်သွယ်ရေး အော်ပရေတာကို လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းအထိ သုံးလာနိုင်ဖို့ Mytel က မျှော်မှန်းထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အမ်ပီတီ၊ တယ်လီနော်၊ အော်ရီဒူး စတဲ့ ဆက်သွယ်ရေး အော်ပရေတာ (၃)ခု ရှိနေပြီး Mytelက ဒီအော်ပရေတာတွေနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Mytelမှာ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြု ကုမ္ပဏီ ရင်းနှီးမြှုပ်နှံထား Mytelမှာ ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားပြု ကုမ္ပဏီ ရင်းနှီးမြှုပ်နှံထား Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.