အမရပူရမြို့နယ်၌ အဖွဲ့လိုက်စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

အဖွဲ့လိုက်စကားများရန်ဖြစ်ရာမှ ဖြစ်ပွားခဲ့သော လူသတ်မှုအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
မန္တလေး၊ ဖေဖော်ဝါရီ ၂၀

၁၈-၂-၂၀၁၈ ရက်နေ့ ည ၁၁ နာရီအချိန် အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်ရှိ၊ စားသောက်ဆိုင်တွင် ဘီယာသောက်နေသည့် မောင်မောင် ၂၈ နှစ်၊ ကျောက်သပွတ်ရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူပါ ၄ ဦးနှင့် အခြားတစ်ဝိုင်းမှ အမည်မသိအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့စကားများခိုက်ရန်ဖြစ်ပွားရာ အဆိုပါအမည်မသိအမျိုးသားများထဲမှ ဓါးနှင့်ထိုး၍ မောင်မောင်၏ ၀ဲရင် အုံထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သဖြင့် အမရပူရမြို့မ ရဲစခန်း(ပ)၆၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့်ခဲ့သည်။

အထက်ပါအမှုမှ တရားခံများဖမ်းဆီးရမိရေးအတွက် မန္တလေးခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ အမရပူရမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အခင်းဖြစ်စားသောက်ဆိုင်သို့ သတင်းရလျှင်ရခြင်း သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ အခင်ဖြစ်နေရာတွင် လက်ကိုင်ဖုန်း(၃)လုံး ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ လက်ကိုင်ဖုန်း(၃)လုံးအား စိစစ်ခဲ့ရာ လက်ကိုင်ဖုန်း(၂)လုံးမှာ သေဆုံးသူ ကိုမောင်မောင်(ခ)ဇော်မင်းနှင့် ၎င်းနှင့်အတူစားသောက်သူ မောင်ထွေး၏ လက်ကိုင်ဖုန်းဖြစ်ကြောင်း သိရှိရပြီး ကျန် Samsung ရွှေရောင်လက်ကိုင်ဖုန်းအတွင်းမှ အချက်အလက်များအား စုံစမ်းအတည်ပြုခဲ့ရာ ဖုန်းပိုင်ရှင်မှာ ကိုထွန်းမြိုင်ဦး(ခ)မိုးဇာ၊ ဟင်္သာတကျေးရွာ၊ အမရပူရမြို့နယ်နေထိုင်သူဖြစ်ကြောင်း သိရှိရပြီး ဆက်လက်စုံစမ်းရာ ထွန်းမြိုင်ဦး(ခ)မိုးဇာမှာ ၃၅လမ်း၊ ၇၆×၇၇လမ်းကြားရှိ ပရိဘောဂဆိုင်တွင် ရောက်ရှိနေကြောင်း သိရှိရသဖြင့် ၁၉-၂-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် သွားရောက် ဖမ်းဆီးခဲ့သည်။

အဆိုပါ တရားခံ ထွန်းမြိုင်ဦး(ခ)မိုးဇာအား ဆက်လက်စစ်မေးရာ ၎င်းနှင့်အတူ အခင်းဖြစ်ပွားချိန်တွင် ပါဝင်သူများမှာ တစ်ရွာတည်းနေ မြင့်ကျော်စိုး(ခ)မင်းမင်း၊ ၀င်းဇော်၊ သာလွန်ချို(ခ)ချိုကြီးတို့ဖြစ်ကြောင်းသိရှိရသဖြင့် ၄င်းတို့၏နေအိမ်မှ ၁၉-၂-၂၀၁၈ ရက်နေ့ ည ၇ နာရီအချိန်တွင် အသီးသီး ဖမ်းဆီးရမိခဲ့ပြီး အမြန်တရားစွဲတင်ပို့နိုင်ရေးအတွက် အသေးစိတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
အမရပူရမြို့နယ်၌ အဖွဲ့လိုက်စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ အမရပူရမြို့နယ်၌ အဖွဲ့လိုက်စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.