ဆီတင်ယာဉ်နှင့် ကျောက်တင်ယာဉ်နှစ်စီးတိုက်မိ ကားမီးလောင်မှုကြောင့်(၃)ဦးသေဆုံး


အရာတော် ဖေဖော်ဝါရီ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ဆီပေပါ(၃ဝ)လုံးတင်ဆောင်လာသည့် (၆)ဘီးယာဉ်နှင့် လမ်းခင်းကျောက်များတင်ဆောင်လာသည့် (၂ဝ)ဘီးယာဉ်တို့ တိုက်မှုဖြစ်ပွားကာ ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း(၃)ဦးသေဆုံးမှု ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မုံရွာမြို့ဘက်မှ အရာတော်ဘက်သို့ ဆီပေပါ(၃ဝ)လုံးတင်ဆောင်လာသည့် ယာဉ်မောင်း ဖိုးချမ်း မောင်းနှင်သည့် ယာဉ်အမှတ်(SGG 8I/----)(၆)တပ်ဘီးယာဉ်နှင့် အရာတော်မြို့မှမုံရွာဘက်သို့ လမ်းခင်းကျောက်များတင်ဆောင်ပြီး ယာဉ်မောင်း(အမည်စိစစ်ဆဲ)မောင်းနှင်သည့် ယာဉ်အမှတ် (YGN 2C/----)(၁ဝ)ဘီးတပ်ယာဉ်နှစ်စီးသည် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ည(၁ဝ)နာရီ(၄၅)မိနစ်ချိန်ခန့်တွင် အရာတော်မြို့နယ် ကမ်းဖြူကျေးရွာအနောက်ဘက် မုံရွာ-အရာတော်လမ်းမ မိုင်တိုင်အမှတ်(၂၁/ဝ)အနီးတွင် တိုက်မှုဖြစ်ပွားကာ ကားနှစ်စီးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဆီတင်ယာဉ်ပေါ်လိုက်ပါလာသည့် ယာဉ်နောက်လိုက် ဦးမြင့်ကျော်နှင့် ခရီးသည် ဒေါ်ကြည်ခင်၊ ကျောက်တင်ယာဉ်မောင်း(အမည်စိစစ်ဆဲ)တို့သည် မီလောင်သေဆုံးခဲ့ပြီး ခရီးသည် ဒေါ်ဝိုင်းတင်(မိုင်းချောင်းကျေးရွာ၊ဖောင်းပြင်မြို့)၊ ရွာသာကျေးရွာနေ မထက်ထက်အိ မစန်းစန်းအေးတို့ (၃)ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် မော်တော်ယာဉ်နှစ်စီးနှင့် ဆီပေပါ(၃ဝ)လုံး စုစုပေါင်း ငွေကျပ် (၃၉ဝ)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်ပေါ့ဆစွာ မောင်းနှင်ခဲ့သည့် ဆီပေပါတင်ဆောင်သည့် (၆)ဘီးယာဉ်မောင်း ဖိုးချမ်းနှင့် လမ်းခင်းကျောက်များတင်ဆောင်သည့် ယာဉ်မောင်း(အမည်စိစစ်ဆဲ)အား အရာတော်မြို့မရဲစခန်းမှ အမှုဖွင့်ထားကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆီတင်ယာဉ်နှင့် ကျောက်တင်ယာဉ်နှစ်စီးတိုက်မိ ကားမီးလောင်မှုကြောင့်(၃)ဦးသေဆုံး ဆီတင်ယာဉ်နှင့် ကျောက်တင်ယာဉ်နှစ်စီးတိုက်မိ ကားမီးလောင်မှုကြောင့်(၃)ဦးသေဆုံး Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.