ဗိုလ်တထောင်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကို ပစ္စည်းယူ မုဒိန်းကျင့်သူ ဖမ်းမိပြီ


ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့ နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ က အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးကို ငွေနှင့် နားကပ်တို့အား ခြောက်လှန့်တောင်းယူပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်သူကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက ၁၄.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁း၁၅ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ဖေဖော်ဝါရီ ၁၅ ရက်နေ့  ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၁၃.၂.၂၀၁၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ဗိုလ်တထောင်မြို့နယ်နေ ဒေါ်-----သည် ဆောက်လက်စ (၈)ထပ်အဆောက်အအုံ၏ ပထမထပ်တွင် တစ်ဦးတည်းရှိနေပြီး ၎င်း၏သားဖြစ်သူနှင့် အလုပ်သမားများမှာ (၆)လွှာတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေစဉ် အမည်မသိ အသက် (၃၀)နှစ်ခန့်၊ လက်မောင်းနှစ်ဖက်တွင် ဆေးမင်ကြောင်များထိုးထားသည့် အရပ် ၅ ပေ ၆ လက်မခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ၎င်းအား “ပိုက်ဆံထုတ်ပေးရန်နှင့် မပေးပါက မုဒိမ်းကျင့်မယ်၊ ထောင်ကထွက်လာတာ”ဟု ပြောဆိုခြိမ်းခြောက်သဖြင့် ကြောက်လန့်၍ အင်္ကျီအိတ်ကပ်အတွင်း ထည့်ထားသော ငွေကျပ် ၂၀၀၀၀၀အား ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါအမျိုးသားမှ ၀တ်ဆင်ထားသော နားကပ်အားဖြုတ်ပေးရန် ထပ်မံတောင်းသဖြင့် ချွတ်ပေးခဲ့ကြောင်း၊ ထိုပြင် အိမ်ခန်းအတွင်းရှိ သားဖြစ်သူ၏ ပုဆိုးအား စုတ်ဖြဲကာ ကြိုးအဖြစ်အသုံးပြု၍ ၎င်းအား အနီးရှိတိုင်တွင် တုပ်နှောင်ကာ ပါးစပ်ပိတ်ပြီး အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၈၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး ရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ် ရေးတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တထောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များတို့က အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခဲ့ပါသည်။

အခင်းဖြစ်ရပ်တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများနှင့်ပတ်သက်၍ စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှုကျူးလွန် သူမှာ ဒေါပုံမြိုနယ်နေ မျိုးမင်းသူ(ခ)မျိုးဦးဖြစ်ကြောင်း အတည်ပြုရရှိခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၁၄.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁၁၅အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်၊ အထက်ပု ဇွန်တောင်လမ်း၊ အထည်အဟောင်းတန်းဈေးအတွင်းမှ မျိုးမင်းသူ(ခ)မျိုးဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ မျိုးမင်းသူ(ခ)မျိုးဦးအား စစ်ဆေးရာ ၎င်းသည် ၁၃.၂.၂၀၁၈ ရက်နေ့ နံနက် ၁၁၃၀ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ (၄၂)လမ်းရှိ အရက်ဆိုင်တွင် အရက်သောက်ခဲ့ပြီး ငွေကြေးသုံးစွဲရန်မရှိသဖြင့် ခိုးမှုကျူးလွန်ရန်ဆုံးဖြတ်ကာ အနီးရှိ ဆောက်လက်စ(၈)ထပ်တိုက်၏ ပထမထပ်သို့ ၀င်ရောက်ခဲ့ကြောင်း၊ အခန်း အတွင်း၌ အသက်(၅၀)ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးတည်းရှိနေသည်ကို တွေ့ရှိသဖြင့် ယင်းကဲ့သို့ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ခုနှစ် အတွင်းက လသာမြို့နယ်အတွင်း ခိုးမှုများ ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ်(၁)နှစ်နှင့် (၉)လကျခံခဲ့ရကာ ၁၉.၁.၂၀၁၈ရက်နေ့တွင် ထောင်မှလွတ်မြောက် လာခဲ့သူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ မျိုးမင်းသူ(ခ)မျိုးဦးအား အမှုဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး သက်သေခံ ပစ္စည်းများပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သစ်ထူးလွင်

ဗိုလ်တထောင်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကို ပစ္စည်းယူ မုဒိန်းကျင့်သူ ဖမ်းမိပြီ ဗိုလ်တထောင်တွင် အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကို ပစ္စည်းယူ မုဒိန်းကျင့်သူ ဖမ်းမိပြီ Reviewed by THITHTOOLWIN on 14:02 Rating: 5
Powered by Blogger.