ဖျာပုံ-ဘိုကလေး ကားလမ်းဘေးရှိ အလုံပိတ်တဲများ ဖျက်သိမ်းပေးပြီးဖြစ်


ဖျာပုံ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာမှ ငါးဖာလုံခန့်အကွာ ညောင် တပင်သုသာန်ရှေ့ ဖျာပုံ-ဘိုကလေးအဝေးပြေး ကားလမ်းမကြီးဘေးရှိ ခြံဝင်း တစ်ခု အတွင်း အလုံပိတ် အလုံပိတ်တဲများတည်ဆောက်ထားပြီး အခကြေးငွေယူ၍ စီးပွား ဖြစ်ငှားရမ်း အသုံးပြုနေသဖြင့် အဆိုပါ အလုံပိတ်တဲများကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးပါရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သတင်းကို မြန်မာ့အလင်း သတင်းစာတွင် ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြပါရှိလာခဲ့သည်။ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ နယ်ထိန်းအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းသည့်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အတွင်း သွားရောက်စစ်ဆေးပြီး အလုံပိတ်တဲများကို အပြီးတိုင် ဖျက်သိမ်းအရေးယူဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

''ကျွန်တော်တို့ ကျုံကူကျေးရွာအနီးမှာရှိတဲ့ ဒီအလုံပိတ်တဲလေးတွေမှာ လူငယ် လူရွယ်တွေ မဖွယ်မရာပြုလုပ်နေတဲ့ သတင်းကို နေ့စဉ်ထုတ်သတင်းစာမှာပါလာပြီး မကြာခင်မှာဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးပြီး ဖျက်သိမ်းပေး သွားပါတယ်၊ အခုလို အရေးယူဆောင်ရွက်ပေးလို့ လူငယ်၊ လူရွယ်တွေရဲ့ နောင်ရေး အတွက် ရင်အေးရပါပြီ''ဟု ကျုံကူကျေးရွာအနီးနေ မိဘပြည်သူတစ်ဦးက ပြော သည်။

အဆိုပါ အလုံပိတ်တဲများကို ဖျက်သိမ်းပေးခြင်းဖြင့် လူငယ်လူရွယ်များ မသင့် တော်သည့်နေရာတွင် မဖွယ်မရာလုပ်ရပ်များ လုပ်ဆောင်နိုင်ခြင်းမရှိတော့ သဖြင့် ဆောင်ရွက်ပေးသော သက်ဆိုင်ရာ တာဝန်ရှိသူများကို မြို့နယ်အတွင်းရှိ မိဘပြည်သူ များက အထူးကျေးဇူးတင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ချမ်းသာ (ဖျာပုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဖျာပုံ-ဘိုကလေး ကားလမ်းဘေးရှိ အလုံပိတ်တဲများ ဖျက်သိမ်းပေးပြီးဖြစ် ဖျာပုံ-ဘိုကလေး ကားလမ်းဘေးရှိ အလုံပိတ်တဲများ ဖျက်သိမ်းပေးပြီးဖြစ် Reviewed by THITHTOOLWIN on 13:40 Rating: 5
Powered by Blogger.