ပိုက်ဆံ(၅၀၀၀)တောင်းရာမှ စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား


ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မုန်ခုတ် ရွာနေ ဒေါ်ဖန်ပေါင်း(ခ)နန်းဖန်ပေါင်း(၄၆)နှစ်၏ နေအိမ်ထမင်းဆိုင်ရှေ့ ၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့ လည်ပိုင်းက ပိုက်ဆံ(၅၀၀၀)တောင်းရာမှ ညီအစ်ကို ၃ ဦး စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၀၀၃၀ အချိန် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ မုန်ခုတ် ရွာနေ ဒေါ်ဖန်ပေါင်း(ခ)နန်းဖန်ပေါင်း(၄၆)နှစ်သည် နေအိမ်ထမင်းဆိုင်၌ ဈေးရောင်နေစဉ် မောင်ဖြစ်သူ လှမြင့်(၄၀)နှစ်ရောက်ရှိလာပြီး ငွေ(၅၀၀၀)အား တောင်းရာ မပေးနိုင်ကြောင်း ပြောခဲ့သဖြင့် ဆိုင်အတွင်းမှ ပြန်ထွက်သွားကြောင်း သိရသည်။

 လှမြင့် သည် ဆိုင်အပြင်တွင် အစ်ကိုဖြစ်သူ ကျော်ဆွေ(၄၂)နှစ် ထံမှ ထပ်မံတောင်းရာ မပေးသဖြင့် လှမြင့် မှ ဆိုင်အနီးရှိ အရိုးအသွား(၂)ပေခန့် ဝါးရိုးတပ် ဓားဖြင့် ကျော်ဆွေ အား လိုက်ခုတ်ခဲ့သည်။

 ကျော်ဆွေမှ မီးညှပ်ဖြင့်ပြန်လည်ခုခံရင်း ညီအစ်ကိုနှစ်ဦး လုံးထွေးရန်ဖြစ်နေကြာင်း၊ ဒေါ်ဖန်ပေါင်း(ခ)နန်းဖန်ပေါင်း မှ ရန်မဖြစ်ကြရန်ပြောဆိုနေစဉ် အစ်ကိုကြီး ဖြစ်သူ အိုက်ဆန်(၄၇)နှစ် ထပ်မံရောက်ရှိလာပြီး နှစ်တောင်ခန့်ရှိ သစ်သားတုတ်ဖြင့် လှမြင့် အား ဝင်ရိုက်၍ ညီအစ်ကို(၃)ဦးစလုံး လုံးထွေးသတ်ပုတ်ရန်ဖြစ်ခဲ့ကြောင်း သိရပါသည်။

 ထို့နောက် ဆိုင်ရှေ့တွင် လှမြင့် မှာ လဲကျသွားသောကြောင့် ဒေါ်ဖန်ပေါင်း(ခ)နန်းဖန်ပေါင်းမှ သွားရောက်ကြည့်ရှုစဉ် လှမြင့် တွင် ဒဏ်ရာများ ရရှိသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ကျော်ဆွေနှင့် အိုက်ဆန်တို့(၂)ဦးအား ကွတ်ခိုင်မြို့မရဲစခန်း(ပ)၁၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ပိုက်ဆံ(၅၀၀၀)တောင်းရာမှ စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား ပိုက်ဆံ(၅၀၀၀)တောင်းရာမှ စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:24 Rating: 5
Powered by Blogger.