ရှမ်းအမျိုးသားစာသင်ကျောင်းတွေကို စစ်တပ်ဘက်က လိုက်လံစစ်ဆေး


ရှမ်းပြည်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်နယ်မြေက မြို့နယ်တချို့မှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကအခြေပြု ရှမ်းအမျိုးသားစာသင်ကျောင်းတွေကို စစ်တပ်ဘက်က လိုက်လံစစ်ဆေး မှတ်တမ်းယူမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရှမ်းပြည်နယ် လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာဘက်က ဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ မူလတန်းစာသင်ကျောင်းကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်က စစ်တပ်ဘက်က လာရောက်မေးမြန်း စာရင်းတောင်းယူမှုတွေ လုပ်ခဲ့တယ်လို့ လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျ ပြောပါတယ်။

လဲချားဘက်က အဲဒီစာသင်ကျောင်းတွေဟာ အစိုးရစာသင်ကျောင်းတွေကဝေးလွန်းလို့ ကျေးရွာက ကလေးတွေဟာ ဘုန်းတော်ကြီးကျောင်းမှာပဲ ပညာသင်ယူကြရတယ်လို့ သူက ဆိုပါတယ်။ အဲဒီ စာသင်ကျောင်းတွေ ဖွင့်ထားတာက တနှစ်ကျော်ကြာပြီလို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီဒေသမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အာစီအက်စ်အက်စ် (RCSS) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း ရှိနေတယ်လို့ သူတို့တွေက ပြောပါတယ်။

အခုလို ကန့်သတ်စိစစ်မှုတွေ ရှိလာနေပေမယ့် စိစစ်ကန့်သတ်မှုအများစုက အစိုးရစစ်တပ်နဲ့ အဆင်မပြေ ဖြစ်လာနေတဲ့ အပစ်ရပ် အာစီအက်စ်အက်စ် (RCSS) အဖွဲ့ရဲ့ ဆက်စပ်နယ်မြေတွေမှာပဲ ကျောင်းတွေကို စိစစ်မှုတွေ လုပ်နေတာဖြစ်တယ်လို့ ရှမ်းတောင်ပိုင်း ကာလိမြို့မှာဖွင့်လှစ်ထားတဲ့ ကောတိုင်း ရှမ်းအမျိုးသားကောလိပ်က နန်းဟွေဆိုင်က ပြောပါတယ်။

ဒီနှစ်တွေအတွင်း ဥပဒေကြောင်းအရ တိုင်းရင်းသား တိုင်းရင်းသားဒေသတွေမှာ ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေ သင်ကြားခွင့်တွေ ရရှိခဲ့ပေမယ့် အစိုးရရဲ့ပညာရေးစနစ်နဲ့ အံဝင်ခွင်ကျမရှိဘဲ ဆရာအများစုကလည်း ဒေသခံ တိုင်းရင်းသားမဟုတ်တဲ့ အခြားပြည်မက လာရောက်လုပ်ကိုင်ကြသူတွေ ဖြစ်တာကြောင့် ဗမာစကားမတတ်တဲ့ ဒေသခံ ကျောင်းသူကျောင်းသားတွေအတွက် အခက်အခဲရှိနေတယ်လို့ သူတို့တွေကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရှမ်းအမျိုးသားစာသင်ကျောင်းတွေကို စစ်တပ်ဘက်က လိုက်လံစစ်ဆေး ရှမ်းအမျိုးသားစာသင်ကျောင်းတွေကို စစ်တပ်ဘက်က လိုက်လံစစ်ဆေး Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.