ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ဦးအမှုကို ပလပ်

တရားစွဲဖမ်းဆီးခံထားရတဲ့ ကရင်​နီပြည်​လူငယ်​ ၅ ဦးအ​ရေး လွိုင်​​ကော်​မြို့မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ဆန္ဒပြခဲ့စဉ်
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတစ်ဦး အသတ်ခံရတဲ့ကိစ္စအပေါ် ဦးဆောင်ဆန္ဒပြခဲ့သူတွေကို ဝန်းရံခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ ယောက် အမှုကို ဒီကနေ့ လွိုင်ကော်မြို့နယ် တရားရုံးက ပလပ်ပေးလိုက်ပါတယ်။

တရားလိုက အမှုပိတ်သိမ်းပေးလိုက်တဲ့အတွက် တရားသူကြီးက ပလပ်ပေးလိုက်တာဖြစ်တယ်လို့ တရားခွင်ကို သွားရောက်ခဲ့တဲ့ ကယားပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ LAIN နည်းပညာ အထောက်အကူပြု အဖွဲ့က ဒါရိုက်တာ ကိုကျော်ထင်အောင် က ပြောပါတယ်။

"ဒီ ၃ ယောက်ကိုတော့ တရားလိုဖြစ်တဲ့ မြို့ နယ်စခန်းမှူးက အမှုပိတ်သိမ်းပေးလိုက်တယ်၊ ဒါကိုလည်း တရားသူကြီးကိုတင်တော့ တရားသူကြီးက ဒါကို အမှုပလပ်ပေးလိုက်တယ်၊ ထောင်ကနေပြီးတော့မှလည်း အချုပ်ကားနဲ့ မထုတ်တော့ဘဲ အရပ်သားကားနဲ့ပဲ ထုတ်လာပြီးတော့မှ ၁၅ မိနစ်လောက်ပဲကြာတယ်ပေါ့နော်၊ တစ်ခါတည်းကို အမှုပလပ်ပေးလိုက်တယ်။"

KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က လွိုင်ကော်မြို့မှာ ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူလယ်သမားသမဂ္ဂအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့ကြတာကြောင့် ဦးဆောင်သူ လူငယ် ၅ ယောက်ကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့အရေးယူခဲ့တာဖြစ်ပါတယ်။

အဲဒီလူငယ်တွေကို တရားရုံးကို သွားရောက်ပို့ဆောင်ရာမှာ ဝန်းရံခဲ့တဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီတူး၊ ကရင်နီပြည်တောင်သူများသမဂ္ဂ ဥက္ကဌ ခူးတူရယ်နဲ့ ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းတို့ ၃ ဦးကိုလည်း ရဲတပ်ဖွဲ့က ပုဒ်မ ၁၉ နဲ့ပဲ ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ထပ်မံတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ၃ ဦးကို ၁၉ ရက်နေ့က တရားရုံးကို လိုက်ပါပို့ဆောင်ရာမှာ ၀န်းရံခဲ့သူ ကိုကျော်ထင်အောင် အပါအ၀င် ၁၂ ဦးကို ထပ်မံတရားစွဲဆိုဖို့ စီစဉ်ထားတယ်လို့ သတင်းတွေ ကြားနေရကြောင်းလည်း ကိုကျော်ထင်အောင် က ပြောပါတယ်။

အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး KNPP ဘက်က ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ တရားစွဲခံထားရသူတွေ အားလုံးနဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့ပြီးနောက် ပြေလည်မှုရရှိခဲ့ပြီး လူငယ် ၃ ယောက်အမှုကို ပလပ်ပေးခဲ့သလို တရားစွဲဖို့ စီစဉ်ထားသူတွေကိုလည်း တရားစွဲဆိုမှာ မဟုတ်တော့ကြောင်း ပြောပါတယ်။

ဒါ့အပြင် လူငယ်တွေ တောင်းဆိုထားတဲ့ အရပ်သားတစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ဖို့နဲ့ ပြည်နယ်အစိုးရအနေနဲ့ သတင်းထုတ်ပြန်ပေးဖို့အတွက် လုပ်ဆောင်နေတဲ့ကာလအတွင်း ဆန္ဒထုတ်ဖော်မှုတွေကို ယာယီရပ်ဆိုင်းပေးထားမယ်လို့ သဘောတူထားကြပါတယ်။

ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်ရက် ၂၀ အမိန့်ချမှတ်ထားတဲ့ ပထမတရားစွဲဆိုခံခဲ့ရတဲ့ လူငယ် ၅ ဦးကတော့ မနက်ဖြန်မှာ ပြန်လည်လွတ်မြောက်မှာလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ဦးအမှုကို ပလပ် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ ၃ဦးအမှုကို ပလပ် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.