ရခိုင်ပြည်နယ်အတွင်းဌာနများမှ ပိုလျှံငွေများအား ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီသုံးစွဲခဲ့ဟုဆို


ရခိုင်ဂေဇက်၊ ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ်အတွင်းဌာနများမှ ပိုလျှံငွေများအား ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီသုံးစွဲခဲ့ခြင်းဖြစ်​သည်​ဟုအခွန်​ဘဏ္ဍာ ၊စီမံကိန်းနှင့်​ စီးပွား​ရေးဝန်​ကြီးရေးဦးကျော်အေးသိန်းမှ ရခိုင်ပြည်နယ် အစိုးရရုံး အစည်းဝေးခန်း (၁)တွင် ဇန်နဝါရီလ (၂၂) နေ့လည် ၂ နာရီက ရ​သေ့​တောင်​​၊ ​မြောက်​ဦးဖြစ်​စဉ်​များနှင့်​ ပတ်​သက်​ပြီး မြို့မိမြို့ဖများ၊ အရပ်​ဘက်​လူမှု အဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့တွေ့ဆုံဆွေးနွေးချိန်တွင် မြို့မိမြို့ဖ ဦး​အောင်​သန်း​ဝေမှ ​မေးမြန်း​သော ၂၀၁၆_၁၇ ဘဏ္ဍာနှစ်​တွင်​ ​ငွေကျပ်​ ၄.၄၂ဘီလီယံကို ဘဏ္ဍာ​ရေးစည်းမျဉ်းနှင့်​အညီသုံးစွဲခဲ့ခြင်းရှိမရှိ ​မေးခွန်းအ​ပေါ် ရှင်းလင်း​ပြောဆိုခဲ့သည်။

အဆိုပါ​ငွေကျပ်​ ၄.၄၂ ဘီလီယံအားအသုံးပြုခြင်းကိစ္စအား အမ်းမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ ကိုယ်​​စားလှယ်​​ဒေါက်​တာ​အေး​မောင်​မှပြည်​သူ့လွှတ်​​တော်​တွင်​ ​မေးမြန်းထားသည်​ဟုသိရပြီး ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့မှ အလွဲသုံးစားလုပ်​သည်​ဟု အွန်လိုင်းတွင်​ရေးသားမှုများရှိခဲ့သည်​။

“ပြည်နယ်အစိုးရအနေဖြင့် ဌာနဆိုင်ရာများမှ ပိုလျှံငွေများအား လိုအပ်သလို လိုအပ်သည့်နေရာတွင် ဥပဒေနှင့်အညီ ပြောင်းရွှေ့ သုံးစွဲ့ခွင့်ရှိသည်ဟု ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းဥပဒေမှာ ပြဌာန်းန်းပြီးသားဖြစ်ပါတယ်။ အဲ့အတွက် ကျွန်တော်တို့ကပိုလျှံဘဏ္ဍာငွေကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းအရ သုံးစွဲခဲ့တာဖြစ်ပါတယ်။”ဟု ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး ဦးကျော်အေးသိန်းကပြောသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဌာနဆိုင်ရာများမှ ငွေပိုငွေလျှံကျပ် ၄ဘီလီယံကျော်ကျန်ရှိ ခဲ့ခြင်းဖြစ်ကာ ထိုငွေများအား လုပ်ထုံးလုပ်နည်းအရ ရခိုင်ပြည်နယ်တွင်းမှ မြို့နယ်တစ်ခုစီအား သန်း ၂၆၀ စီဖြင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် စုစုပေါင်း ၄.၄၂ ဘီလီယံ ခွဲဝေသုံးစွဲခဲ့ကြောင်းသိရသည်။

“ငွေပိုငွေလျှံကတော့ ၄ ဘီလီယံကျော်ပိုပါတယ်။ အဲ့ဒီထဲကမှ ပြည်နယ်အစိုးရအနေဖြင့် တစ်မြို့နယ်ကို သန်း၂၆၀ နဲ့ ၄.၄၂ ဘီလီယံကို ခွဲဝေသုံးစွဲခဲ့တယ်။ ဒီငွေတွေကိုတော့ အရင်စဉ်ဆက်ကတော့ သုံးစွဲခဲ့ခြင်းမရှိဘဲ နိုင်ငံတော်ကို ပြန်အပ်ရပါတယ်။ ခုကတော့ ပြည်နယ်အစိုးရအနေဖြင့် လုပ်ထုံးလုပ်နည်းအရ သုံးစွဲလို့ရတယ်လို့နည်းဥပဒေတွေပါတဲ့အတွက် ပြည်နယ်အတွင်းမှာ လိုအပ်နေတာတွေအများကြီးရှိနေတဲ့အတွက် ဒါတွေကို သုံးလိုက်မယ်ဆိုပြီး လုပ်ထုံးလုပ်နည်းအတိုင်း သုံးစွဲခဲ့တာဖြစ်ပါတယ်”ဟု အခွန်​၊ဘဏ္ဍာ၊စီမံကိန်းနှင့် စီးပွား​ရေးဝန်ကြီး ဦးကျော်အေးသိန်းမှဆိုသည်။

အဆိုပါငွေများအား မြို့နယ်အသီးသီးတွင် ဦးစားပေးလုပ်ငန်းများအား ပြုလုပ်ပေးရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကက်ဘိနက်​​အစည်း တွင်​ ဆုံးဖြတ်ခဲ့ခြင်းဖြစ်​ကာ ဆောက်လုပ်မည့်လုပ်ငန်းများအတွက်လည်း တင်ဒါခေါ်ယူရေးအဖွဲ့များဖွဲ့စည်းကာပြုလုပ်ခဲ့သည်​ဟု ဆိုသည်​။

ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့မှ​ငွေကျပ်​၄.၄၂ဘီလီယံအားအသုံးပြုခြင်းနှင့်​ ပတ်​သက်​ပြီးအမ်းမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ဒေါက်​တာ​အေး​မောင်​မှ ​ပြည်​သူ့လွှတ်​​တော်​တွင်​ မေးမြန်းထားသည်​ကို ​ဖြေကြားရန်​ ပြည်​နယ်​အစိုးရအ​နေဖြင့်​ ပြည်​​ထောင်​စုအစိုးရထံ ​ပေးပို့ထားပြီးဖြစ်​​ကြောင်းသိရသည်​။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရခိုင်ပြည်နယ်အတွင်းဌာနများမှ ပိုလျှံငွေများအား ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီသုံးစွဲခဲ့ဟုဆို ရခိုင်ပြည်နယ်အတွင်းဌာနများမှ ပိုလျှံငွေများအား ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့် အညီသုံးစွဲခဲ့ဟုဆို Reviewed by THITHTOOLWIN on 23:00 Rating: 5
Powered by Blogger.