ရခိုင်မျိုးချစ်ပါတီ၏ ပေါင်းစည်းရန် ကမ်းလှမ်းချက်အပေါ် အဆင်သင့် မဖြစ်သေးကြောင်း ALD တုန့်ပြန်

(ဓာတ်ပုံ/ ပေါင်းစည်းရေး ကမ်းလှမ်းသည့် APP)
စစ်တွေ၊ ဇန်နဝါရီ ၂၄

ရခိုင်မျိုးချစ်ပါတီ (APP)မှ ပါတီနှစ်ခု ပူးပေါင်းရန် ကမ်းလှမ်းချက် အပေါ် ပေါင်းစည်းရန် အဆင်သင့် အဖြစ်သေးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)မှ တုန့်ပြန်လိုက်သည်။

ပါတီနှစ်ခုပူးပေါင်းရန် APP ၏ ကမ်းလှမ်းချက်အပေါ်ကြိုဆိုကြောင်း၊ သို့သော် လက်ရှိတွင် ALD အနေဖြင့် ပါတီတည်ထောင်ရေး ကာလဖြစ်သည့် အတွက် APP နှင့် ပေါင်းစည်းရန် မဖြစ်နိုင်သေးကြောင်း ALD ၏ အကြောင်းပြန်စာတွင် ဖော်ပြသည်။

" ပါတီညီလာခံပြီးမှ ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မြို့နယ်၊ ကျေးရွာတွေမှာ ပါတီတည်ဆောက်ရေးလုပ်နေတဲ့ကာလဖြစ်တာကြောင့် အဆုံးအဖြတ် မပေးနိုင်သေးဘူး။ ညီလာခံကိုလည်း ဘယ်နေ့ကျင်းပမယ်ဆိုတာကိုလည်း မဆုံးဖြတ် နိုင်သေးဘူး" ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

ရခိုင်မျိုးချစ်ပါတီ APP အနေဖြင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအတွက် အကျိုးဆောင်ရွက်ရာတွင် ရည်ရွယ်ချက်နှင့် မူဝါဒချင်း တူညီသောကြောင့် ALD နှင့် ပူပေါင်း ဆောင်ရွက်လိုသည်ဟု ပြီးခဲ့သော ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၈ နေ့က ကမ်းလှမ်းခဲ့သည်။

" ALD ရဲ့ ပြန်ကြားချက်ကို ကျနော်တို့ကြိုဆိုပါတယ်။ သူတို့ရဲ့ ပါတီ တည်ထောင်ရေး ကာလ ဖြစ်တဲ့အတွက်လည်း နားလည်ပါတယ်။ အဲဒါကြောင့် ပါတီနှစ်ခု ပူးပေါင်းချင်တာဟာ ရခိုင်ပြည်သူတွေရဲ့ မျှော်မှန်းချက်ကို အကောင်အထည် ဖော်ပေး နိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်မြင်မိပါတယ်" ဟု ရခိုင်မျိုးချစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချက်ပါတီဘက်မှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ ယခုလ ဇန်နဝါရီလ ၁၈ ရက်နေ့က အမြန်ချောစာဖြင့် အကြောင်းပြန်ကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အကြောင်းပြန်စာတွင် ရခိုင် မျိုးချစ်ပါတီ၏ ပါတီပူးပေါင်းရန်ကမ်းလှမ်းခြင်းကို ALD အနေဖြင့် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ သို့သော် နှစ်ပါတီကို တစ်ပါတီအဖြစ်ပူးပေါင်းရန်အတွက် အချိန်ကာလတစ်ခုလိုအပ်သည်ဟု ယုံကြည်ပါကြောင်း၊ နှစ်ပါတီပေါင်းစည်းရေးကို ALD ညီလာခံခေါ်ယူသည့်အချိန်တွင်မှ အဆုံးအဖြတ်ရယူကြမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
ရခိုင်မျိုးချစ်ပါတီ၏ ပေါင်းစည်းရန် ကမ်းလှမ်းချက်အပေါ် အဆင်သင့် မဖြစ်သေးကြောင်း ALD တုန့်ပြန် ရခိုင်မျိုးချစ်ပါတီ၏ ပေါင်းစည်းရန် ကမ်းလှမ်းချက်အပေါ် အဆင်သင့် မဖြစ်သေးကြောင်း ALD တုန့်ပြန် Reviewed by THITHTOOLWIN on 22:55 Rating: 5
Powered by Blogger.