မိကျောင်းကိုက်ခံရပြီး အသက်ရှင် လွတ်မြောက်လာသော ဘိုကလေးမြို့မှ အံ့ဖွယ်လူသား


ဘိုကလေး ဇန်နဝါရီ ၂၃ရက်

ဧရာဝတီတိုင်း ဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု လဝိုင်းကျွန်း အနောက်ခြမ်း ဂါးချောင်းကျေးရွာတွင် လူတစ်ဦး မိကျောင်း ကိုက်ချီခံရပြီး အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဆတ်ကျွန်း ကျေးရွာအုပ်စု၊ ရေကမြင်း ကျေးရွာတွင် နေထိုင်ပြီး ရေလုပ်ငန်း လုပ်ကိုင်နေသူ ကိုမြင့်ဝင်း အသက် (၄၅) နှစ်သည် ဇန်နဝါရီ ၂၁ ရက် ညနေ ၉ နာရီက လဝိုင်းကျွန်း အနောက်ခြမ်း ဂါးချောင်းကျေးရွာ ကမ်းစပ် တစ်နေရာ၌ ချောင်းပိတ်ရန် ပိုက်လက်နားများကို ခြေထောက်ဖြင့် နင်းမြှုပ်နေစဉ် မိကျောင်းမှ ကိုမြင့်ဝင်း၏ ဝဲဘက်ပေါင်တင်ပါးနှင့် ဆီးခုံအထက်နားတို့ကို ကိုက်ပြီး အနောက်သို့ ဆွဲသွားခြင်း ခံခဲ့ရကြောင်း၊ ကိုမြင့်ဝင်းမှ လူကြီးသူမများ၏ ပြောစကားကို ကြားယောင်၍ မိကျောင်း၏ မျက်လုံးအား လက်ဖြင့် တအားကုတ်ပြီး ကျန်လက်တစ်ဖက်က ဘဝင်းပိုက်ကို မလွတ်တမ်း ဆုပ်ကိုင်ကာ အနားတွင်ရှိသော ပိုက်သမား ကိုအောင်စိုးကို အော်ဟစ် အကူအညီ တောင်းခံခဲ့ကြောင်း၊ အနီးအနားမှ ပိုက်သမားအချို့ ရောက်ရှိလာပြီး ၎င်းတို့ ကူညီမှုကြောင့် ကိုမြင့်ဝင်း မိကျောင်း ကိုက်ချီခြင်းမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပြီး စက်လှေဖြင့် ဘိုကလေးမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း၊ ဆီးခုံ၊ တင်ပါးနှင့် ပေါင်ခွကြားတို့တွင် ဒဏ်ရာ ရရှိခဲ့ပြီး မိကျောင်းမှာ ခန့်မှန်း အရှည်ပေ (၂၀)လောက် ရှိမည်ဖြစ်ကြောင်း၊ ကူညီမှု အနေဖြင့် ဂါးချောင်းကျေးရွာ ရာအိမ်မှူး ဦးလှမင်းသက်မှ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် တို့ကို ဆက်သွယ်ပြီး မိန်းမလှကျွန်းဝန်းကျင် သားငှက်ဌာနမှ တောခေါင်း ဦးလှစိုးဝင်းတို့မှ လူနာအား လာရောက်မေးမြန်းပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကာယကံရှင်များမှ ပြောသည်။

ယခုဖြစ်စဉ်သည် ၂၀၁၈ ခုနှစ်တွင် ဦးစွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၅ နှစ်အတွင်း မိကျောင်း ဆွဲခံရသူ ၁၀ ဦးအထိ ရှိခဲ့ကာ ၂၀၁၆ ခုနှစ်၌ ကဒုံကနိအပိုင် ကျေးရွာသား တစ်ဦးလည်း အသက်ရှင် လွတ်မြောက်ခဲ့ဖူးကြောင်း သိရသည်။

ဌေးနိုင် (ဘိုကလေး)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မိကျောင်းကိုက်ခံရပြီး အသက်ရှင် လွတ်မြောက်လာသော ဘိုကလေးမြို့မှ အံ့ဖွယ်လူသား မိကျောင်းကိုက်ခံရပြီး အသက်ရှင် လွတ်မြောက်လာသော ဘိုကလေးမြို့မှ အံ့ဖွယ်လူသား Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.