အိမ်အကူလုပ်သားတွေ စေလွှတ်ဖို့ ညှိနှိုင်းနေ

စင်္ကာပူ ဈေးရုံတစ်ခုတွင် မြန်မာအိမ်ဖော်တွေကို လျော့ဈေးဖြင့်ရနိုင်ကြောင်း ကြေညာထားစဉ်
ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ထိုင်ဝမ်နိုင်ငံတွေကို MOU အိမ်အကူလုပ်သားတွေစေလွှတ်ဖို့အတွက် အစိုးရချင်း ဆွေးနွေးညှိနှိုင်းနေတယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ဒီနေ့ ပြောပါတယ်။

စေလွှတ်ပြီးတဲ့အခါ အလုပ်သမားတွေ ဥပဒေပါအခွင့်အရေးတွေရဖို့၊ ဆွေးနွေးမှုတွေပြုလုပ်နေတာလို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က အခုလို ပြောပါတယ်။

" MOU ထိုးဖို့ကြိုးစားနေတုန်းပဲ၊ အဓိက တို့အလုပ်သမားတွေ ဥပဒေပါအခွင့်အရေးရဖို့လိုတယ်၊ အဖွဲ့တွေ ဆွေးနွေးနေဆဲပါပဲနော်၊ စင်္ကာပူကတော့ ၃ ဖွဲ့ပေါ့နော်၊ ထိုင်းကလည်း အခုဆွေးနွေးတာ ပေါ့နော်၊ ဟောင်ကောင်ကလည်း ဆွေးနွေးဆဲပါပဲ၊ ထိုင်ဝမ်လည်း ဆွေးနွေးဆဲပါပဲ၊ တချို့က ဆွေးနွေးတာတော့ကြာပြီ၊ အခုမှထဲထဝင်ဝင်ဆွေးနွေးဖြစ်တာပေါ့နော်"

၂၀၁၃ ခုနှစ်မှာ စင်္ကာပူနဲ့၊ ၂၀၁၄ ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံတွေကို MOU အိမ်အကူလုပ်သားတွေ စေလွှတ်ခဲ့ဖူးတာ ရှိခဲ့ပေမယ့် ကန့်ကွက်မှုတွေရှိခဲ့ တာကြောင့် ပြန်လည်ရုတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ခြင်းနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့ ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ဝ ရက်နေ့က အတည်ပြုထားပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ငါးရာခိုင်နှုန်းထက်မနည်းဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံ တချို့မှာ ရွှေ့ပြောင်းလုပ်သားတွေအဖြစ် လုပ်ကိုင်နေကြပြီး အများစုဟာ ရေလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်း တွေမှာ လုပ်ကိုင်နေကြသလို အမျိုးသမီးတွေဟာ အိမ်အကူလုပ်ငန်းတွေ လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် ကာကွယ်မှုတွေ လိုအပ်တာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စင်ကာပူနိုင်ငံမှာ အိမ်ရှင်က ရိုက်နှက်လို့ ပတ်ဝန်းကျင်ကို အကူအညီ တောင်းတဲ့ မြန်မာအိမ်အကူ အမျိုးသမီးရဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး ဗီဒီယိုဖိုင်ထဲမှာ သူအရိုက်ခံရတဲ့အကြောင်းနဲ့ စင်ကာပူမှာရှိတဲ့ အစ်မဖြစ်သူကို ဆက်သွယ်ချင်တဲ့အကြောင်း အိမ်နီးနားချင်းအမျိုးသမီးတွေ ကို အကူအညီတောင်းနေတာ တွေ့ရပါတယ်။

RFA Burmese
http://www.rfa.org/burmese/news
အိမ်အကူလုပ်သားတွေ စေလွှတ်ဖို့ ညှိနှိုင်းနေ အိမ်အကူလုပ်သားတွေ စေလွှတ်ဖို့ ညှိနှိုင်းနေ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.