ဘီးလင်းမြို့နယ်တွင် ရေတွင်းထဲမှ သေဆုံးနေသော အမျိုးသမီးအလောင်းတွေ့ရှိ


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ အေးသာယာလမ်းရှိ ရေတွင်းထဲတွင် သေဆုံးနေသော အမျိုးသမီးအလောင်းတစ်လောင်းအား ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဘီလင်းမြို့မ ရဲစခန်းမှ သိရှိရသည်။
“သေဆုံးသူက အိမ်မှာတစ်ယောက်တည်းနေတဲ့သူ။ နဂိုကတည်းက ခန္ဓာကိုယ်အကြောအားနည်းတော့ လမ်းသွားရင်လည်း ခြေတုန်လက်တုန်ရှိတယ်။ ရေတွင်းကလည်း အကာရံမရှိတော့ ပြုတ်ကျ သေဆုံးသွား တာပါ။”ဟု ဘီးလင်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။


 လူတစ်ဦးရေနစ်သေဆုံးကြောင်းသတင်းအရ ဘီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အေးသာယာလမ်းနေ ဦးအောင်နိုင်ဦးပိုင် လယ်ကွက်အတွင်းရှိ လူသွားလမ်းဘေးကပ်လျက်ရှိ အကျယ်(၅)ပေ၊ အနက်(၁၉)ပေ၊ အကာရံမရှိသည့် ရေတွင်းအတွင်း အမျိုးသမီးတစ်ဦးမှာ မှောက်လျက် အနေထားဖြင့် ပြင်ပဒဏ်ရာများမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 သေဆုံးသူမှာ ဘိုးရာဇာရပ်ကွက်နေ ဒေါ်သန်းလှ (၆၃)နှစ်ဖြစ်ပြီး နေအိမ်မှ နိုဝင်ဘာ ၂၉ ရက်ကပင် ပျောက်ဆုံးနေသူဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ဘီးလင်းမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၇ /၂၀၁၇ ဖြင့် အမှုရေးဖွင့်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဘီးလင်းမြို့နယ်တွင် ရေတွင်းထဲမှ သေဆုံးနေသော အမျိုးသမီးအလောင်းတွေ့ရှိ ဘီးလင်းမြို့နယ်တွင် ရေတွင်းထဲမှ သေဆုံးနေသော အမျိုးသမီးအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.