တရားမဝင် ရောင်းချနေသည့် ဆီဆိုင်များကို အရေးယူမည်


မြစ်ကြီးနား၊ ဒီဇင်ဘာ ၁

မြစ်ကြီးနားမြို့နယ်အတွင်းရှိ လိုင်စင်မရှိဘဲ တရားမဝင် ရောင်းဝယ်နေသည့် ဆီဆိုင်များကို ယခုနှစ် ဒီဇင်ဘာလမှ စတင်၍ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

မြစ်ကြီးနားမြို့တွင်း တရားမဝင် ဆီဆိုင်များ မရောင်းချရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ပညာပေးကာလများအဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့ထံ တင်ပြပြီး ပြည်နယ်အစိုးရ၏ လမ်းညွန်ချက်အတိုင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အရေးယူခွင့်ပြုပါက ယခုလမှ စတင်အရေးယူသွားမည်ဟု ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဝင်းကပြောသည်။
   
`` မရောင်းရဘူးလို့ သတိပေးကာလကို ရပ်ကွက်အုပ်ချပ်ရေးမှုး တွေကနေတစ်ဆင့်လုပ် ပြီးပြီဆိုတော့ ဒီလထဲမှာ အစိုးရအဖွဲ့ကို တင်ပြပြီး သူတို့ဆီက လမ်းညွှန်ချက်ရရင်တော့ စဖမ်းမယ်။ လိုင်စင် မရှိတဲ့ ပန့်သေးတွေနဲ့ ရောင်းတဲ့ဆိုင်ရယ် ခွက်ချိန်နဲ့ ရောင်းတဲ့ဆိုင်တွေပေါ့´´ ဟု ၎င်းက ပြောကြားသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များတွင်  ရပ်ကွက်အုပ်ချုပ်ရေးမှုးများမှတစ်ဆင့် ခွက်ချိန်နှင့်ရောင်းသည့် ဆီဆိုင်များနှင့် ပန့်သေးဆိုင်များကို မြို့နယ်ရေနံထွက်ပစ္စည်း တင်သွင်းသိုလှောင် သယ်ယူချက်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ကြီးကြပ်ရေးဆပ်ကော်မတီမှ ကွင်းဆင်းစစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဟု အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

``အန်တီတို့က ခွက်ချိန်နဲ့ရောင်းတာပါ ပြည်သူတွေအနေနဲ့ တစ်နိုင်တစ်ပိုင်အဖြစ် ဒီလောက်လေးတောင်  လုပ်စားပိုင်ခွင့် မရှိတော့ဘူးလား ကုန်ဈေးနှုန်းတွေကလည်း ကြီးနေတဲ့ အချိန်မှာ အိမ်ထောင်ဦးစီး ရှာတာနဲ့ စားမလောက်ဘူး အန်တီကလည်း ဆိုင်ကယ်မစီးတတ်တော့ ကိုယ့်အိမ်ရှေ့မှာပဲ ရောင်းတာပါ ခရီးသွားတွေ ဆီပြတ်သွားရင်လည်း ဆိုင်ကယ် အဝေးကြီး မတွန်းရအောင် အဆင်ပြေအောင် ရောင်းပေးနေတာလဲပါတယ် အမြတ်က တစ်နေကုန်ရောင်းမှ ၃၀၀၀လောက်ပဲရတာပါ´´ဟု ရန်ကြီးအောင်ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

၂၀၁၇နိုဝင်ဘာ ၈ရက်မှ စတင်၍ လာမည့်၁၅ရက်အတွင်း လက်ကျန်ဆီများကို အကုန်ရောင်းရန်နှင့် ရောင်းချသည့်နေရာမှ ဖယ်ရှားပေးရန် မြစ်ကြီးနားမြို့အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးများကို မြို့နယ် အုပ်ချုပ်ရေးမှုးမှတစ်ဆင့် ပြည်နယ်အစိုးရမှ ညွှန်ကြားစာပေးပို့ထားကြောင်း သိရပြီး ဆီဆိုင်ရောင်း ချသူများကို သတိပေးဝန်ခံချက် လက်မှတ်ထိုးခိုင်းကြောင်း သိရသည်။

ယခင်နှစ်များတွင်လည်းတရားမဝင် လိုင်စင်မဲ့  ဆီဆိုင်ရောင်းချသူများကို ထိုကဲ့သို့ လက်မှတ်ထိုးခိုင်း၍ဆီပုံးများကို လိုက်လံသိမ်းဆည်းမှုများ ရှိခဲ့ကြောင်းသိရပြီး မြစ်ကြီးနားမြို့နယ် အတွင်းရှိ လိုင်စင်ရှိဆီဆိုင်များမှာ ထူး၊တိုင်းကျော်၊နိုင်းစတား၊ဇေယျာမင်း၊Green Luck တို့ဖြစ်ကြောင်း သိရသည်။

မီးမီး / EPN
https://www.facebook.com/epngnews/
တရားမဝင် ရောင်းချနေသည့် ဆီဆိုင်များကို အရေးယူမည်  တရားမဝင် ရောင်းချနေသည့် ဆီဆိုင်များကို အရေးယူမည် Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.