မုံရွာတွင် အုပ်စုဖွဲ့ရမ်းကားနေသော အဝေးသင်ကျောင်းသားတစ်စုနှင့် သွားထိမ်းသည့် ရဲတပ်ဖွဲ့တို့ ရိုက်ပွဲဖြစ်


မုံရွာ၊ ဒီဇင်ဘာ ၁။

မုံရွာတွင် လမ်းမပေါ်အုပ်စုဖွဲ့ ရမ်းကားနေသော အဝေးသင်ကျောင်းသားတစ်စုနှင့် သွားရောက်ထိန်းသိမ်းခဲ့သော ရဲတပ်ဖွဲ့ဝင်တို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

နိုဝင်ဘာ ၂၉ ရက် ည၁၁ နာရီခန့်က ချမ်းမြ၀တီရပ်ကွက် ဗန္ဓုလလမ်းရှိ ကောင်းထက်သာစားသောက်ဆိုင်ရှေ့ တွင် မုံရွာတက္ကသိုလ်၌ အဝေးသင်ပထမနှစ် ၀ိဇ္ဇာတွဲလာတက်သော ကျောင်းသား ၈ ယောက်သည် အရက်မူး၍ တုတ်များဖြင့် လမ်းသွားလမ်းလာများအား အုပ်စု ဖွဲ့ ရမ်းကားနေကြောင်း ဒေသခံများမှ ရဲစခန်းသို့အကြောင်းကြား၍ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ဆန်းလင်း ခေါင်းဆောင်သော လှည့်ကင်းတပ်ဖွဲ့နှင့် ချမ်းမြ၀တီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချင်းတို့မှ သွားရောက်တားမြစ်ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိန်းသိမ်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်၍ မင်းကင်းမြို့နေ ပထမနှစ်မြန်မာစာကျောင်းသား ထက်အာကာမောင် (ခ)အကာမှာ နဖူး၌ ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းတို့အား ဆေးစစ်နိုင်ရန် မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

၎င်းနောက် နယ်မြေ ရဲစခန်းတွင်ယာယီ ထိန်းသိမ်းပြီး ၄င်းတို့နေထိုင်ရာ ချမ်းမြ၀တီရပ်ရှိ မနောသုခ ဘော်ဒါဆောင် မှ အဆောင်မှူးထံ ပြန်အပ်နှံရေး ဆောင်ရွက်နေကြောင်း သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/

မုံရွာတွင် အုပ်စုဖွဲ့ရမ်းကားနေသော အဝေးသင်ကျောင်းသားတစ်စုနှင့် သွားထိမ်းသည့် ရဲတပ်ဖွဲ့တို့ ရိုက်ပွဲဖြစ် မုံရွာတွင် အုပ်စုဖွဲ့ရမ်းကားနေသော အဝေးသင်ကျောင်းသားတစ်စုနှင့် သွားထိမ်းသည့် ရဲတပ်ဖွဲ့တို့ ရိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.