နိုင်ငံကူးလက်မှတ်လုပ်ရာမှာ သျှမ်းပြည်သားများအခက်အခဲဖြစ်နေသေးကြောင်း လွှတ်တော်သို့ သိန္နီအမတ် တင်သွင်း

သျှမ်းပြည်တွင်း မြို့ကြီးများတချို့တွင် နိုင်ငံကူးလက်မှတ် Passport လျှောက်ထားနိုင်ပြီဟုဆိုသော်လည်း ဒေသခံပြည်သူလူထု လွယ်ကူမြန်ဆန်မှုမရသေးဘဲ အခက်အခဲအမျိုးမျိုးကြုံတွေ့နေရသေးကြောင်း သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ ကပြောသည်။

ဒီဇင်ဘာ ၅ ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် အဌမ ပုံမှန်အစည်းအဝေး(ဒုတိယ) နေ့တွင် သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) နန်းခင်ထားရီ က တာချီလိတ်မြို့ မြဝတီမြို့နှင့် ကော့သောင်းမြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် (Passport) လျှောက်ထား ခြင်းနှင့် စပ်လျဉ်းပြီး လွယ်ကူမြန်ဆန်မှုရှိစေရန်နှင့် ကုန်ကျဈေးနှုန်းအတွက် ပြန်လည်တင်းကျပ်ပေးရန် အဆိုတင် သွင်းခဲ့ကြောင်းသိရသည် ။

” လားရှိုး မြို့မှာဆိုရင် သျှမ်းမြောက်က ပြည်သူတွေသွားလုပ်ရင် တလစောင့်ရတာတွေရှိပါတယ်။ ဈေးနှုန်းကလည်း တချို့ နှစ်သောင်း ခုနှစ်ထောင် ပေးရတယ် ၊ တစ်ချို့ကျတော့ ခြောက်သောင်း ၊ ခုနှစ်သောင်း စသဖြင့် ဈေးနှုန်းက အမျိုးမျိုးဖြစ်နေတယ် ၊ အမြန်ကြေးဆိုပြီးတော့ ၃ ရက်အတွင်းနဲ့ အပြီးလုပ်ပေးရင် ၂ သိန်း ၅ သောင်း တောင်းတာတွေလည်းရှိတယ်လို့ ပြည်သူလူထုကလာပြီးတိုင်ကြားလို့ ဒီဟာက နိုင်ငံတော်ကို ဘယ်လောက်ပေးဆောင်ရသလဲ။ အကုန်အကျသက်သာအောင်နဲ့ လွယ်ကူမြန်ဆန်မှုရှိအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ စသဖြင့်တင်ပြ မေးမြန်း ရခြင်းဖြစ် တယ် ” ဟု နန်းခင်ထားရီကပြောသည် ။

သျှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က ယင်းအဆိုနှင့် ပတ်သက်၍ – ” သာမာန်မြန်မာနိုင်ငံ ကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် ဌာနတစ်ခု ချင်း အလိုက် ငွေပေးသွင်းစရာမလိုဘဲ နိုင်ငံကူးလက်မှတ် (Passport) တစ်စောင်လျှင် နိုင်ငံတော်အခွန် အဖြစ်မြန်မာ့စီးပွားရေးဘဏ်တွင် နှစ်သောင်းငါးထောင် ကျပ် ပေးဆောင်ရန်သတ်မှတ်ထားကြောင်း ၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း၌နိုင်ငံကူးလက်မှတ် ပျောက်ဆုံး ပျက်စီး လျှင် အသစ်ပြန်လည် လျှောက်ထားမှုအတွက် ဒဏ်ကြေးငွေ လေးသောင်းကျပ် နှင့် (Passport)စာအုပ်ဖိုး နှစ်သောင်းငါးထောင်ကျပ် ပေး ဆောင်ရမှာဖြစ်ကြောင်း၊ ပြည်ပတွင် ပျောက်ဆုံးပါက ဒဏ်ကြေးအဖြစ် အမေရိ ကန်ဒေါ်လာ ရ၅ ဒေါ်လာနှင့် ညီမျှသော မြန်မာကျပ်ငွေ နှင့် (Passport) စာအုပ်ဖိုး နှစ်သောင်းငါးထောင် ကျပ် ကိုပေးသွင်းစေပြီး ပြန်လည်ဆောင်ရွက်ပေး လျှက်ရှိကြောင်း ၊ လျောက်ထားသူ၏ကိုယ်ရေးမှတ်တမ်း ကင်းရှင်း သူများအ နေဖြင့် လာရောက်လျောက်ထားသည့် နေ့မှစ၍ (၁၀) ရက်ပြည့်သည့်နေ့ တွင်နိုင်ငံကူးလက်မှတ်ထုတ်ပေး လျှက်ရှိ ကြောင်း” ဖြေကြားခဲ့သည်။

ထို့အပြင်passport စာအုပ်လုပ်ဆောင်ရာတွင် ရိုးရိုးနှင့် အမြန် နှုန်းစသည့် သတ်မှတ်ချက်မရှိ ကြောင်း နှင့် ပြည်ပတွင် သွားရောက်ဆေးကုသ လိုသူများ၊ အဖော်အဖြစ်လိုက်ပါသူများ ၊ ပြည်ပသို့ စီးပွားရေး၊ ပညာရေး ၊ လေ့လာရေး ၊ အလုပ်အကိုင်သွားရောက် လုပ်ကိုင်သူ မှီခိုသူများစသည့် နိုင်ငံကူးလက်မှတ် သက်တမ်းပြန် လည်လျောက်ထားသူများအား (JC) စနစ်ဖြင့် (၅) ရက်အတွင်း ဆောင်ရွက်ပေးလျှက် ရှိကြောင်း – နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်း အောင်ကလွှတ်တော်အစည်းအဝေး တွင်ဖြေကြား သွားခဲ့သည် ။

” လားရှိုးမှာမှ မဟုတ်ဘူး နေရာတိုင်းလိုလို ဒီလိုဖြစ်နေတာလေ၊ တကယ် လက်ရှိ passport ရုံးတိုင်းမှာ မပေးရတဲ့ရုံးမရှိပါဘူး ။ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ၀န်ကြီး ဖြေသွားတာ နဲ့ တကယ့်လက်တွေ့ မြေပြင်အခြေ အနေနဲ့ လုံးဝကွာခြားတာပေါ့ ။ သူတို့ လက်အောက်မှာ ရှိတဲ့ဌာနတွေကို တိတိ ကျကျလိုက်နာဖို့ညွှန်ကြားပြီး သူတို့ကလည်း အရေးယူမှု ဆောင်ရွက်မှသာ ဒီကိစ္စတွေက ပပျောက် မှာဖြစ်ပါတယ် ” ဟု နန်းခင်ထားရီကဆက် လက်ပြော ကြားခဲ့သည် ။

ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ(၄) ရက်နေ့မှ (၈) ရက်နေ့အထိ (၅) တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး အဆိုပေါင်း (၆၀) ၀န်းကျင်ခန့် တင်သွင်း ဆွေးနွေးသွားမည်ဟု သိရပါသည် ။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
http://burmese.panglong.org
နိုင်ငံကူးလက်မှတ်လုပ်ရာမှာ သျှမ်းပြည်သားများအခက်အခဲဖြစ်နေသေးကြောင်း လွှတ်တော်သို့ သိန္နီအမတ် တင်သွင်း နိုင်ငံကူးလက်မှတ်လုပ်ရာမှာ သျှမ်းပြည်သားများအခက်အခဲဖြစ်နေသေးကြောင်း လွှတ်တော်သို့ သိန္နီအမတ် တင်သွင်း Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.