ဘာသာစကား ဆယ်မျိုး တတ်သည့် သနပ်ခါးလိမ်းပေးသူလေးများ


မန္တလေး ၊ ဒီဇင်ဘာ ၇

ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးလို့ မှတ်တမ်းတင်ခံရတဲ့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားမှာ ထင်ရှားတဲ့ အလှအပတစ်ခု ရှိနေပါတယ်။ အဲ့ဒါကတော့ အမျိုးသမီးတွေရဲ့ပါးပြင်မှာ သစ်ရွက်ပုံစံ သနပ်ခါးလိမ်းပေးတာပဲ ဖြစ်ပါတယ်။

ပိဋကတ်သုံးပုံ ပါဠိတော် ကျောက်စာပေါင်း ၇၂၉ ချပ် တည်ရှိတဲ့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားဟာ မန္တလေးတောင်တော်ရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ ဘုရားဝင်းထဲကို ဝင်လိုက်ပြီဆိုတာနဲ့ ကျောက်စာတွေ စိုက်ထူထားတဲ့ ဖြူဖြူဖွေးဖွေး စေတီတွေကို ဖူးမြော်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာ ကြီးမားလှတဲ့ သက်တမ်းရှည် ခရေပင်ကြီးတွေအောက်မှာတော့ ‘‘သနပ်ခါး လိမ်းပေးရမလား၊ သနပ်ခါးလိမ်းပေးရမလား’’ လို့ မေးမြန်းနေတဲ့ မိန်းကလေးအချို့ကို တွေ့ရပါတယ်။ ကျောင်းပိတ်ရက်နဲ့ ကျောင်းချိန်ပြင်ပတွေမှာတော့ သနပ်ခါးလိမ်းပေးရမလားလို့ မေးတဲ့ ကလေးငယ်တွေကိုလည်း တွေ့ရတတ်ပါတယ်။

ထူးခြားတာက သနပ်ခါးလိမ်းပေးကြသူတွေဟာ ဘာသာစကား ၁ဝ မျိုးခန့်ကို ကျွမ်းကျွမ်းကျင်ကျင် မဟုတ်ပေမယ့် ထမင်းစားရေသောက်တော့ ပြောတတ်ကြပါတယ်။ သူတို့တတွေ ပြောတတ်တဲ့ ဘာသာစကားတွေကတော့ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ အမေရိကန်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရှရှား တို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သနပ်ခါးလိမ်းပေးတဲ့ အမျိုးသမီးငယ် တစ်ဦးဖြစ်တဲ့ မမြတ်ကေသီစန်းက ဘာသာစကား အကျွမ်းကျင်ဆုံးပဲ ဖြစ်ပါတယ်။ မမြတ်ကေသီစန်းကတော့ သူလေ့လာထားတဲ့ ဘာသာစကားတွေကို သူရဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေနဲ့ ကလေးငယ်တွေ ကျောင်းအားရက်မှာ အခမဲ့ သင်ကြားပေးချင်တယ်လို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။

‘‘သူတို့ကို ဒီအလုပ်(သနပ်ခါးလိမ်းပေးတဲ့အလုပ်)ကို လုပ်စေချင်လို့ မဟုတ်ဘူး။ ဘာသာစကားတစ်ခု တတ်သွားရင် တခြားအလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရစေချင်လို့ပါ’’ လို့ မမြတ်ကေသီစန်းက ပြောပါတယ်။

ကုသိုလ်တော်ဘုရားမှာ သနပ်ခါးလိမ်းပေးသူ မိန်းကလေးတွေဟာ အရင်က သူတို့ရဲ့မျက်နှာမှာ သစ်ရွက်ပုံစံ၊ ပန်းပွင့်ပုံစံ သနပ်ခါးလေးတွေလိမ်းပြီး နိုင်ငံခြားသား ဧည့်သည်တွေကို အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းလေ့ရှိကြပါတယ်။

ဒီမိန်းကလေးတွေ သနပ်ခါး လိမ်းထားတာကို သဘောကျတဲ့ နိုင်ငံခြားသားတွေက လိမ်းဖို့ပြောရင်းကနေ အခုလို သနပ်ခါးလိမ်းပေးတဲ့ အလေ့အထ တွင်ကျယ်လာတာ ဖြစ်ပါတယ်။ သနပ်ခါးလူးပေးလို့ သဘောကျရင် ဧည့်သည်တွေက သူတို့ကို မုန့်ဖိုးပေးတတ်ကြတယ်။

သူတို့တွေဟာ မြို့ခံတွေဖြစ်ကြပြီး မနက် ၈ နာရီမှာ ကုသိုလ်တော် ဘုရားဝင်းအတွင်း ရောက်လာကြပြီး ည ၈ နာရီ ဧည့်သည်ပါးချိန်မှာ အိမ်ပြန်တတ်ကြပါတယ်။ ကုသိုလ်တော်ဘုရားမှာ လက်ဆောင်ပစ္စည်း ရောင်းရင်း သနပ်ခါးလိမ်းခြယ်ပေးတဲ့ ကလေးငယ်နဲ့ မိန်းကလေး ခုနစ်ဦးခန့်ရှိပြီး ဒီခုနစ်ဦးဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး တစ်ရက်ကို တစ်ဖွဲ့နဲ့ အလှည့်ကျစီ ဈေးရောင်းချကြကြောင်း သိရပါတယ်။

မို့မို့
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဘာသာစကား ဆယ်မျိုး တတ်သည့် သနပ်ခါးလိမ်းပေးသူလေးများ ဘာသာစကား ဆယ်မျိုး တတ်သည့် သနပ်ခါးလိမ်းပေးသူလေးများ Reviewed by THITHTOOLWIN on 23:18 Rating: 5
Powered by Blogger.