ခွင့်ပြုချက်မရှိဘဲ အလံတစ်ရာဘုရား ပြုပြင်သူဟု ဆိုသူများကို ၁၀ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး


သထုံ ၇ ဒီဇင်ဘာ

‌မွန်ပြည်နယ် သထုံမြို့ သထုံမြို့နယ်တရားရုံး၌ ဒီဇင်ဘာလ ၇ ရက်နေ့ ယနေ့နံနက် ၁၁ နာရီက ဇရစ်ချောင်ကျေးရွာအုပ်စု အတွင်းရှိ အလံတစ်ရာ စေတီတော်အား ခွင့်ပြုချက်မရှိဘဲ ဘုရားပြုပြင်သူများဟု တရားစွဲဆိုခံရသူ လူ ၅ ဦးကို ၁၀ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါ တရားစွဲဆိုမှုသည် ဘာသာသာသနာကို ညှိုးနွမ်းစေမှု၊ ဘုရားမုဒ်ဦး တည်ဆောက်ရာတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ ဘုရားပြုပြင်မှု၊ မူလတည်ထားခဲ့သော စေတီတော်အား ပျက်စီးစေမှုစသော စွဲဆိုချက်များနှင့်အတူ စက်တင်ဘာ ၇ ရက်က စတင်၍ တရားစွဲဆို အမူဖွင့်စစ်ဆေးခဲ့သည်။


အဆိုပါအမှုကို မြို့နယ်တရားသူကြီး ဦးရွှေမြင့်အောင်က တရားလိုပြသက်သေ ရှစ်ဦးအနက် အမှုစတင် စစ်ဆေးချိန်မှ ဦးတင်စိုး (ပါ) လေးဦးကို စစ်ဆေးပြီးစီး၍ ယနေ့တွင် တရားလိုပြသက်သေတစ်ဦးနှင့် တရားပြိုင်ရှေ့နေများ၏ အပြန်အလှန် လျှောက်လဲချက်များကို ကြားနာစစ်ဆေးပြီး အမှုကို ဒီဇင်ဘာ ၁၉ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

“ဘုရားကြီး စတင်တည်ကတည်းက အခုအထိ ပြုပြင်မွမ်းမံ ထိန်းသိမ်းပြီး တစ်သက်လုံး ဘုရားအတွက် ကုသိုလ်ယူကြတာပါ၊ အခုလို တရားစွဲဆိုတာ ခံရပြီး စစ်ဆေးမှုတွေ၊ ကြန့်ကြာမှုကြောင့် ကျွန်မတို့ မိသားစုတွေ အပါအဝင် ဒေသခံအားလုံး ဒုက္ခရောက်ရပါတယ်၊ ဘာမှလဲ မပြောတတ်တော့ပါဘူး” ဟု တရားစွဲဆိုခံထားရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးအောင်ထွန်းလှ အပါအဝင် ငါးဦးအား တရားစွဲဆိုထားမှုအပေါ် “တရားစွဲဆိုတဲ့အမှုနဲ့ စွဲဆိုထားတဲ့ ပုဒ်မက ကွဲပြားမှုရှိနေသော်လည်း တရားစွဲထားတဲ့ ပုဒ်မအရ အာမခံ မရတဲ့အမှု ဖြစ်နေပေမယ့် အာမခံပေးရင် ရနိုင်တဲ့ အထောက်အထားတွေ ရှိနေတဲ့အတွက် အာမခံပေးနိုင်တဲ့ အချက်အလက်တွေကို ပြည်နယ်တရားရုံးတော်ကို အာမခံရရှိအောင် ဆက်လက်တင်ပြ လျှောက်ထားပါတယ်”ဟု တရားစွဲဆိုခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ဦးခင်မြင့် (တရားလွှတ်တော်ရှေ့နေ)က ပြောကြားသည်။

Myanmar Digital News
ခွန်(ဝင်းပ)
https://www.facebook.com/MyanmarDigitalNews
ခွင့်ပြုချက်မရှိဘဲ အလံတစ်ရာဘုရား ပြုပြင်သူဟု ဆိုသူများကို ၁၀ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး ခွင့်ပြုချက်မရှိဘဲ အလံတစ်ရာဘုရား ပြုပြင်သူဟု ဆိုသူများကို ၁၀ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး Reviewed by THITHTOOLWIN on 23:27 Rating: 5
Powered by Blogger.