မြောင်းမြမြို့နယ်တွင် လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား

သုံးလောင်းပြိုင်လူသတ်မှုမှ တရားခံဟုယူဆရသူ သန်းဇော်။ ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ 
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက် ညနေ ၃း၃၀ နာရီ အချိန်ခန့်က ကွမ်းရွက်ရွေးရာမှ လင်မယား ၂ ဦး စကားများကာ (၃) လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။

 တောင်ကလေးကျေးရွာတွင် နေထိုင်သည့် သန်းဇော်နှင့် ဇနီးဖြစ်သူ မတင်တင်ဆန်းတို့သည် စကားများပြီး ဓါးနှင့် ခုတ်သေဖြင့် ခြံဝန်းတစ်ခုထဲတွင် အတူနေထိုင်သည့် ဆွေမျိုးများမှ ဝင်ရောက် ဖြန်ဖြေရာ သန်းဇော်မှ ဆက်လက်၍ ယောက္ခမဖြစ်သူ ဒေါ်ခင်ရီ(၆၀)နှစ်နှင့် တူဖြစ်သူ မောင်လင်းလင်းထိုက်(၁၀)နှစ်တို့ကို ဓါးဖြင့် ထပ်မံ ခုတ်သတ်ခဲ့ကြောင်း ဓါးဖြင့် ခုတ်ခံရသူတစ်ဦးဖြစ်သည့် ခယ်မဖြစ်သူ မစန္ဒာဦးမှာ ဓါးဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။
“သူတို့နေတာက တောင်ကလေးရွာနဲ့ ခပ်လှမ်းလှမ်းက ခြံထဲမှာ အိမ် ၃ အိမ်ထဲ ဆွေမျိုးတွေ စုနေသလိုမျိုးနေ တာ ဒီဘက်အိမ်က သမီးဖြစ်သူအော်ခေါ်သံကြားတော့ ဘေးနားအိမ်တွေက မိဘတွေနဲ့ ညီအစ်ကို မောင်နှစ်မတွေက ဝင်ဆွဲတာမှာ ထပ်ခုတ်ပြီး ထွက်ပြေးသွားတာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။


အခင်းဖြစ်ပွားရာနေရာကို ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့်၊ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး၊ မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူး နှင့်မြောင်းမြမြို့မ ရဲစခန်းမှူးတို့မှ သွားရောက်ခဲ့ပြီး မျက်မြင်တွေ့ရှိ သူများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
“သေဆုံးတဲ့မိသားစုတွေကတော့ ရွာခံတွေပါ သန်းဇော်က လပွတ္တာကနေ အိမ်ထောင်ကျပြီး ဒီမှာလာနေတာ ရွာကလည်းမြောင်းမြမြို့နဲ့ ၁၀ မိုင်လောက်ဝေးတာရယ် သူတို့မိသားစုတွေက သီးသန့်စုနေသလိုမျိုးဆိုတော့ လူသတ်မှုဖြစ်ပြီး ၂ နာရီလောက်ကြာမှ ရဲတပ်ဖွဲ့ကို အကြောင်းကြားနိုင်တော့ သန်းဇော်ကထွက်ပြေးချိန်ရသွား တာပါ။”ဟု တောင်ကလေကျေးရွာနေ ဦးသက်ပိုင်စိုးက ပြောသည်။

 ဖြစ်စဉ်အရ လူ ၃ ဦးအား သတ်ဖြတ်ခဲ့သူ သန်းဇော်(၄၅)နှစ်အား မြောင်းမြမြို့မ ရဲစခန်းမှ (ပ)၆၂၇/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(က) ၃၂၆ တို့ဖြင့် အမှုဖွင့်ကာ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
မြောင်းမြမြို့နယ်တွင် လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား မြောင်းမြမြို့နယ်တွင် လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.