KIA မှတပ်သားသစ် စုဆောင်းခြင်းခံရသူများထဲမှ (၁၃)ဦး ထပ်မံ လွတ်မြောက်လာ

KIA မှတပ်သားသစ် စုဆောင်းခြင်းခံရသူများထဲမှ (၁၃)ဦးထပ်မံ လွတ်မြောက်လာဟုသိရ
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ ဂွေယွတ်ယန်ကြိုးတံတားအနီး၌ ကချင်လွတ် မြောက်ရေး တပ်မတော် KIA မှ ၂၀၁၇ခု၊ နိုဝင်ဘာ(၁၁)ရက် ညနေ(၄)နာရီခန့်က တပ်သားသစ် စုဆောင်းရေး ဆွဲရာ၌ အစိုးရဝန်ထမ်းများ၊ မြစ်ကြီးနား တက္ကသိုလ်မှ ကျောင်းသား/သူများ၊ အခြားသော အရပ်သားပြည်သူများ စုစုပေါင်းဦးရေ(၅၀)ယောက် ဝန်းကျင်ခန့် စုဆောင်းခံခဲ့ရပြီး၊ နောက်နေ့ နိုဝင်ဘာ (၁၂)ရက်၌ ကျောင်းသား/သူ (၂၆)ယောက်ကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ လွတ်မြောက်လာသော ကျောင်းသူ/သားများ ပြန်လည်လွှတ်ပေးရေးအတွက် အဓိက ကြိုးစား ကူညီ ဆောင်ရွက်ပေးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှု အကျိုးတော်ဆောင်အဖွဲ့ PCG မှကျန်ရှိနေ သေးသော အခြားသူများ ထပ်မံလွတ်မြောက်လာရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ(၁၄)ရက် ညနေ(၄)နာရီအချိန်ခန့်က KIA တပ်ရင်း(၃)နေရာအနီးဖြစ်သော ဘွမ်ရာ၌ ကျား(၅)ဦး၊ မ(၈)ဦး စုစုပေါင်း (၁၃)ယောက်ကို ထပ်မံ၍လွှတ်ပေးခဲ့ကြောင်း သိရသည်။

"KIA တပ်ရင်း(၃)နား မရောက်ခင် ဘွမ်ရာမှာ မနေ့ကညနေ(၄)နာရီလောက်က မိန်းကလေး (၈) ယောက်၊  ယောင်္ကျားလေး (၅)ယောက် အားလုံး(၁၃)ယောက်ကို ကျနော်တို့ သွားကြိုပေးခဲ့တယ်။ ချက်ခြင်းပဲ စရဖ ကလဲသူတို့ရဲ့ အိမ်လိပ်စာတို့ ဖုန်းနံပါတ်တို့တွေနဲ့ မေးမြန်းစရာရှိတာလေးတွေမေးပြီး ည(၈)နာရီ လောက် မှာအားလုံးကို အိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့ပါတယ်။"ဟု ငြိမ်းချမ်းရေး ဆွေးနွေးမှုအကျိုးတော်ဆောင်အဖွဲ့ PCG မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။

ယခု လွတ်မြောက်လာသူများအပြင် ကျန်ရှိနေသေးသူများ ရှိနိုင်သေးပြီး စုဆောင်းရေးအဆွဲခံရသူများ ထဲမှ မိဘများ အကူအညီတောင်းခံထားသူများနှင့် ကျောင်းသူ/သားများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းအလုပ်လုပ်ကိုင် လိုသူများ၊ ကျန်းမာရေး မကောင်းသူများ စသည့် ပြန်လည်၍လွှတ်ပေးသင့်သူများကို KIA ဌာနချုပ်ရှိရာ လိုင်ဇာ သို့ အကြောင်းကြားခဲ့ရာ KIA ဖက်မှလည်း ပညာရေးကို အားပေးသကဲ့သို့ လူငယ်များ၏ ဘဝတိုးတက်ရေး လမ်းကြောင်း ပိတ်ဆို့သွားမည်ကို စိုးရိမ်သည့် ဆန္ဒများကြောင့် အဆိုပါ ဖမ်းဆီးခံလူငယ်များ လွတ်မြောက်ရေး အတွက် ဝိုင်းဝန်းကာ ပူပေါင်း၍ကြိုးပမ်း ဆောင်ရွက်ပေးခဲ့သည်ဟု ဦးလမိုင်ဂွမ်ဂျာ ကဆက်လက်ပြောကြား သည်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကို ၁၉၆၁ ခု ဖေဖေါ်ဝါရီ (၅)ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်ထိ နှစ်ပေါင်း(၅၆)နှစ်ကျော် သက်တမ်းရှိလာပြီဖြစ်ပြီး ၎င်း(၅၆)နှစ်တာကာလအတွင်း၌ စစ်အစိုးရ လက်ထက်က (၁၇)နှစ်ကြာ အပစ်အခတ်ရပ်နားထားခဲ့ဖူးကြောင်း သိရသည်။ အပစ်အခတ်ရပ်နား ထားခဲ့စဉ်အခါက ယခုကဲ့သို့ စုဆောင်းရေးဆွဲခြင်းမျိုး မရှိခဲ့ဘဲ ၂၀၁၁ ခု ဇွန်လ(၉)ရက် မှစတင်၍ တကျော့ပြန် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးမှာသာ ယခုလို စုဆောင်းရေးဆွဲခြင်းများ ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်ကာ ထိုသို့သောအဖြစ်အပျက်များ လုံးဝပပျောက်ရေး၏ အဓိက အဖြေမှာ ငြိမ်းချမ်းရေးသာဖြစ်သည်ဟု ကချင်ပြည် နယ်လူထုမှ သုံးသပ်နေကြကြောင်း သိရသည်။

ဘရန်ဆိုင်း / EPN
https://www.facebook.com/epngnews/
KIA မှတပ်သားသစ် စုဆောင်းခြင်းခံရသူများထဲမှ (၁၃)ဦး ထပ်မံ လွတ်မြောက်လာ KIA မှတပ်သားသစ် စုဆောင်းခြင်းခံရသူများထဲမှ (၁၃)ဦး ထပ်မံ လွတ်မြောက်လာ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.