နည်းပညာလိုအပ်ချက်အရ ယခုလက်ရှိ လေယာဉ်ငယ်ကို ပျံသန်းခြင်းမပြုဘဲ လေယာဉ်အသစ် တည်ဆောက်သွားမည်


မုံရွာ နိုဝင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကျွန်းကြီး ကျေးရွာတွင် သစ်သားကိုယ်ထည်ဖြင့် တည်ဆောက် ထားသည့်လေယာဉ်ငယ်သည် နည်းပညာလိုအပ် ချက်များအရ ပျံသန်းခြင်းမပြုဘဲ အလူမီနီယံဖြင့် လေယာဉ်အသစ်တစ်စီး ပြန်လည်တည်ဆောက် သွားရန် ကြိုးစားသွားမည် ဖြစ်ကြောင်း လေ ယာဉ်တည်ဆောက်သူ အသက် ၁၉ နှစ် လူငယ် လေး၏ ပြောပြချက်အရ သိရသည်။

''အခုလေယာဉ်မှာက ကိုယ်ထည်ပိုင်း၊ အင်ဂျင် ပိုင်းနဲ့ ပျံသန်းရေးအပိုင်းတွေ အားလုံးမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာကို ရန်ကုန်မြို့မှာ ရှိတဲ့ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ သွားရောက် လေ့လာခွင့် ရခဲ့တဲ့အတွက် သိရှိခဲ့ရတယ်၊ အဲဒီက လေကြောင်း အင်ဂျင်နီယာတွေ၊ စက်ပြင်အင်ဂျင်နီယာတွေရဲ့ ပြောပြချက်တွေအရ သိခဲ့ရတယ်၊ ကျွန်တော်ရဲ့ အဓိကအားနည်းချက်က အင်္ဂလိပ်စာတတ်မြောက်မှု အားနည်းချက်ပါ၊ နောက်ပြီးလေယာဉ်တည်ဆောက် တဲ့အခါမှာ တောင်ပံချိန်နည်း၊ ကိုယ်ထည်ချိန်နည်း တွေ သိရှိခဲ့တယ်၊ အခု တည်ဆောက်ထားတဲ့ လေယာဉ်မှာက အဲဒီနည်းစနစ်တွေကို မသိဘဲ ခန့်မှန်းတည်ဆောက်ထားရတဲ့အတွက် အားနည်း ချက်တွေရှိနေပါတယ်၊ ကိုယ်ထည်မှာက သစ်သား တွေနဲ့ တည်ဆောက်ထားတာဆိုတော့ အလေးချိန်က များပြီးတော့ ခိုင်ခံ့မှုမှာလည်း အားနည်းတယ်၊ နောက်တစ်ခုက အင်ဂျင်ပိုင်းပေါ့၊ အင်ဂျင်အားက တစ်လုံးထိုး ၁၆ ကောင် အားနဲ့ဆိုတော့ အင်ဂျင် လည်ပတ်အား အပတ်ရေကမမီဘူး၊ အဲဒါကြောင့် ပျံသန်းမှုအပိုင်းမှာ အန္တရာယ်ရှိတယ်၊ အဲဒီ အားနည်းချက်တွေကို ပြင်ဆင်ပြီး အသစ်တစ်စင်းကို ပြန်လည် တည်ဆောက်မှာပါ၊ ကျွန်တော်ရဲ့ လက် သမားလုပ်တဲ့ လုပ်အားခလေးနဲ့ စုဆောင်းပြီး လုပ်ရမှာဆိုတော့ အချိန်တော့ ယူရဦးမှာပါ''ဟု လေယာဉ်တည်ဆောက်သူ မောင်ကျော်ဇင်ဝင်းက ပြောသည်။

ယခုလက်ရှိ တည်ဆောက်ထားသော လေယာဉ် ငယ်သည် ပျံသန်းနိုင်ရန် လုံလောက်သောနည်းပညာပိုင်း လိုအပ်ချက်များရှိခြင်း၊ တည်ဆောက်မှုအပိုင်း တွင် စနစ်ကျမှုအားနည်းခြင်း၊ သစ်သားများဖြင့် တည်ဆောက်ခဲ့သည့်အတွက် ကိုယ်ထည်အလေးချိန်များပြီး တပ်ဆင်ထားသော အင်ဂျင်မြင်းကောင်ရေ အားနည်းခြင်းနှင့် မောင်းနှင်သူအတွက် လုံခြုံမှု အားနည်းမှုများကြောင့် ပျံသန်းခြင်းကို ရပ်ဆိုင်းခဲ့ ခြင်းဖြစ်ပြီး အလူမီနီယံဖြင့် လေယာဉ်အသစ် တစ်စင်း တည်ဆောက်သွားရန် စီစဉ်နေကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
နည်းပညာလိုအပ်ချက်အရ ယခုလက်ရှိ လေယာဉ်ငယ်ကို ပျံသန်းခြင်းမပြုဘဲ လေယာဉ်အသစ် တည်ဆောက်သွားမည် နည်းပညာလိုအပ်ချက်အရ ယခုလက်ရှိ လေယာဉ်ငယ်ကို ပျံသန်းခြင်းမပြုဘဲ လေယာဉ်အသစ် တည်ဆောက်သွားမည် Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.