ကျောက်မိုင်းတွေ ပိတ်သိမ်းပေးဖို့ တောင်းဆို

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့နယ်က ကျောက်ထုတ်ရေးစီမံကိန်း တစ်ခုကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
မွန်ပြည်နယ် ပေါင်မြို့နယ်မှာရှိတဲ့ ကျောက်ထုတ်ရေးစီမံကိန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေရှိနေတာကြောင့် ကျောက်မိုင်းတွေကို ပိတ်သိမ်းပေးဖို့ လူမှုဖွဲ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက်(ပေါင်မြို့နယ်)က တောင်းဆိုလိုက်ပါတယ်။

ကျောက်မိုင်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ လူမှုဖွဲ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးကွန်ရက်(ပေါင်မြို့နယ်)က ဒေါ်ဇွန်ပန်းက ပြောပါတယ်။

ပေါင်မြို့နယ်မှာ ကျောက်ထုတ်လုပ်နေတဲ့ ကျောက်မိုင်း ၂၅ ခုရှိပြီး ပြည်နယ်အတွင်း အသုံးပြုနေတဲ့အပြင် ရန်ကုန်နဲ့ အခြားနေရာတွေကိုလည်း ရောင်းချနေပါတယ်။

အဲဒီကျောက်မိုင်းတွေရှိတဲ့ နေရာတွေထဲက ကျေးရွာ ၁၆ ရွာနဲ့ ဌာနဆိုင်ရာတွေကို စစ်တမ်းအတွက်မေးမြန်းခဲ့ပြီး လုပ်အားခခေါင်းပုံဖြတ်တာ၊ ကျောက်မိုင်းခွဲရာကနေ ကျောက်တုံးလွင့်စင်တာကြောင့် ထိခိုက်ဒဏ်ရာရတာ၊ မိုင်းခွဲသံကြောင့် အထိတ်တလန့်ဖြစ်တာ စတဲ့လူအခွင့်အရေးချိုးဖောက်မှု ၂၃ ခုရှိပြီး ရေချိုရှားပါးတာ၊ သစ်တောပျက်စီးတာ၊ ရေကြီးရေလျှံဖြစ်တာစတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေလည်း ဖြစ်နေတယ်လို့ စစ်တမ်းမှာ ပါရှိပါတယ်။

အဲဒီအခြေအနေတွေကို အစိုးရဖက်က ကြပ်မတ်ဆောင်ရွက်နိုင်စေဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့တွေနဲ့ လွှတ်တော်ကို ပေးပို့သွားမှာဖြစ်ပါတယ်။

ပေါင်မြို့နယ်မှာ ကျေးရွာပေါင်း ၅၀ ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၂၁ သိန်းရှိပါတယ်။

ကျောက်မိုင်းတွေကို ကန့်ကွက်ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပေါ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောက်မိုင်းတွေ ပိတ်သိမ်းပေးဖို့ တောင်းဆို ကျောက်မိုင်းတွေ ပိတ်သိမ်းပေးဖို့ တောင်းဆို Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.