ဟိန္ဒူလူမျိုး မောင်ဘ၏ ဇနီးဖြစ်သူ ချာပနာ၏ မိဘများလည်း ခမောင်းဆိပ်တွင် အသတ်ခံရဟုပြောဆို


နိရဉ္စရာ၊ စက်တင်ဘာ ၉

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်တွင် ဟိန္ဒူလူမျိုး ရာနှင့် ချီပြီး သတ်ဖြတ်ခံခဲ့ရသည့် အထဲတွင် ဟိန္ဒူ အမျိုးသမီး ချပနာ၏ မိဘများလည်း အသတ်ခံခဲ့ရသည်ဟု ဟိန္ဒိလူမျိုး ဦးမောင်ဘနှင့် ဇနီးဖြစ်သူ ချပနာတို့က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဟိန္ဒူအမျိုးသမီး ချာပနာမှာ ရခိုင်နှင့် မြန်မာစကားကို ကောင်းစွာ မပြောတတ်သဖြင့် ဘင်္ဂလီစကားဖြင့် မေးမြန်းရာ သူမ၏ အဖေနှင့် အမေပါ အသတ်ခံရကြောင်းကို ပြောကြားသည်။

ဟိန္ဒူလူမျိုး ဦးမောင်ဘကိုဆက်လက် မေးမြန်းရာ သူက “ ကျွန်တော်က ခမောင်းဆိပ်မှာ မိန်းမရတာပါ။ ကျွန်တော်က ဘီအီးမှာ လုပ်ရင်းနဲ့ ခမောင်းဆိပ်မှာ အိမ်ထောင်ကျတာပါ။ အခုကျွန်တော်မိန်းမရဲ့ အဖေရော၊ အမေရော အသတ်ခံရပါတယ်။ သြဂုတ် ၂၆ ရက်နေ့ ညဥ့် ၁ နာရီကျော်မှာ ဘင်္ဂလီရွာသားတွေက ရွာထဲဝင်ပြီး သတ်လိုက်တာပါ” ဟု ပြောကြားသည်။

စုစုပေါင်း လူပေါင်း ၉၀ ကျော်သေဆုံးသွားကြောင်း၊ သတ်ဖြတ်ရသည့် အဓိက အကြောင်းအရင်းမှာ ခမောင်းဆိပ်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအား ဟိန္ဒူဘာသာဝင်များမှ စောင့်ရှောက်ထား၍ ဖြစ်ကြောင်း ပြောဆိုသည်။

ဘူးသီးတောင်မြို့မှ ဟိန္ဒူအမျိုးသား ကျောင်းဆရာကြီး ဦးမောင်မောင်ကလည်း ခမောင်းဆိပ်တွင် ဟိန္ဒူဘာသာဝင်များ သတ်ဖြတ်ခံရခြင်းကို အတည်ပြုပြောကြားပြီး သတ်ဖြတ်ခံရခြင်း၏ အဓိက အကြောင်းအရင်းကို နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ အဓိကတော့ ဟိန္ဒူလူမျိုးတွေရှိနေတဲ့ အတွက် သတင်းတွေ ပေါက်ကြားတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကို သတင်းပို့တယ်။ စစ်တပ်ကို သတင်းပို့တယ်ဆိုပြီး ဟိန္ဒူတွေကို အရင်သတ်ရမယ်။ ဒီကောင်တွေ မရှိမှ အေးမယ် ဆိုပြီး သတ်တာပါ။ သူတို့က ဟိန္ဒူတွေကို ဘာသာပြောင်းရင် ပြောင်း၊ မပြောင်းရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတွေလည်း ရှိပါတယ်။ အဓိကတော့ သူတို့သတင်းကို ပေးတယ်ထင်ပြီး သတ်ပစ်တာပါ” ဟု ဟိန္ဒူအမျိုးသား ကျောင်းဆရာကြီး ဦးမောင်မောင်က ပြောကြားသည်။

ယခု သတ်ဖြတ်မှုနှင့် ပတ်သက်ပြီးလည်း သက်ဆိုင်ရာမှ အမြန်ဆုံးစိစစ်ဖော်ထုတ်ပြီး တရားဝင်ထုတ်ပြန်သင့်ကြောင်းလည်း ဆရာကြီး ဦးမောင်မောင်က ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ဟိန္ဒူလူမျိုး မောင်ဘ၏ ဇနီးဖြစ်သူ ချာပနာ၏ မိဘများလည်း ခမောင်းဆိပ်တွင် အသတ်ခံရဟုပြောဆို ဟိန္ဒူလူမျိုး မောင်ဘ၏ ဇနီးဖြစ်သူ ချာပနာ၏ မိဘများလည်း ခမောင်းဆိပ်တွင် အသတ်ခံရဟုပြောဆို Reviewed by THITHTOOLWIN on 17:54 Rating: 5
Powered by Blogger.