ခမောင်းဆိပ်တွင် လူပေါင်း ၁၀၀ နီးပါးခန့် အသတ်ခံခဲ့ရသည်ဟု ဟိန္ဒူအမျိုးသမီး ဆာရာချတီမှအတည်ပြုပြောဆို


နိရဉ္စရာ၊ စက်တင်ဘာ ၉

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် အုပ်စုတွင် ဟိန္ဒူလူမျိုးများနေထိုင်သည့် ရဲဘော်ကျပ်နှင့် တောင်ရွာ ၂ ရွာ ရှိရာ ထိုရွာများတွင် နေထိုင်သူ ဟိန္ဒူလူမျိုး တစ်ရွာလုံး အသတ်ခံခဲ့ရသည်ဟု ဟိန္ဒူအမျိုးသမီး ဆာရာချတီမှ နိရဉ္စရာက သွားရောက် တွေ့ဆုံ မေးမြန်းစဉ် ပြောကြားသည်။

သေဆုံးသွားသူများအထဲတွင် သူ၏ ယောင်္ကျားဘက် ဆွေမျိုးများလည်း ပါဝင်ပြီး လူပေါင်း ၁၀၀ ခန့် အသတ်ခံခဲ့ရသည်ဟု ပြောကြားသည်။

“ ကျွန်မတို့ မိသားစုက ခမောင်းဆိပ် ဈေးတန်းက အမေ့အိမ်ကို လာရောက်လည်ပတ်နေတဲ့ အတွက် အသက်ရှင်ကျန်တာပါ။ ကျန်တဲ့လူတွေ အကုန်လုံး အသတ်ခံရပါတယ်။ ကျွန်မ ယောင်္ကျားရဲ့ အဖေ၊ အမေတွေ အကုန်လုံး အသတ်ခံရပါတယ်။ တစ်ရွာလုံးကဆိုရင် လူပေါင်း ၉၈ ယောက် အသတ်ခံရပါတယ်” ဟု စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းတွင် ဒုက္ခသည် အဖြစ် ခိုလုံနေသူ ဟိန္ဒူအမျိုးသမီး ချာရာချတီမှ ပြောကြားသည်။

သူတို့အား သတ်ဖြတ်သူများကိုလည်း သူမက ယခုလို ပြောကြားသည်။

“ ခမောင်းဆိပ်အုပ်စုမှာ ရဲဘော်ကျပ်နှင့် တောင်ရွာ ၂ ရွာရှိပါတယ်။ သူတို့ကို အနီးအနားက ဘင်္ဂလီရွာသားတွေနဲ့ အကြမ်းဖက်သမားတွေက သတ်ဖြတ်လိုက်တာပါ။ အခု ကျွန်မ ညီမလေးတစ်ယောက်ဆိုရင် ဘင်္ဂလာဒေ့ရှ်ကို ရောက်သွားပါတယ်။ သူတို့နဲ့ အဆက်အသွယ်ရပြီး ပြန်ပြောပြတာပါ။ ဘင်္ဂလာကို မိန်းခလေး ၆ ယောက်ဘဲ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲခေါ်သွားတဲ့ အတွက် အသက်ရှင်ပြီး ရောက်သွားပါတယ်” ဟု ပြောသည်။

ဟိန္ဒူအမျိုးသမီး ချာရာချတီ၏ ယောင်္ကျားဖြစ်သူမှလည်း သူ၏ မိဘများ အသတ်ခံရကြောင်းကို နိရဉ္စရာမှ သွားရောက် မေးမြန်းစဉ် ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

ယခု အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဟိန္ဒူလူမျိုးများမှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားနေသော်လည်း သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများမှ အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှု မရှိသေးသဖြင့် နိရဉ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဟိန္ဒူဘုရားကျောင်းတွင် ဒုက္ခသည် အဖြစ် ခိုလုံနေသူ စက်တင်ဘာလ ၇ ရက်နေ့ထိ မောင်တောနှင့် ဘူးသီးတောင်မှ ဟိန္ဒူလူမျိုး ၅၉၁ ဦးရှိပါသည်။

Narinjara
https://www.facebook.com/Narinjara
ခမောင်းဆိပ်တွင် လူပေါင်း ၁၀၀ နီးပါးခန့် အသတ်ခံခဲ့ရသည်ဟု ဟိန္ဒူအမျိုးသမီး ဆာရာချတီမှအတည်ပြုပြောဆို ခမောင်းဆိပ်တွင် လူပေါင်း ၁၀၀ နီးပါးခန့် အသတ်ခံခဲ့ရသည်ဟု ဟိန္ဒူအမျိုးသမီး ဆာရာချတီမှအတည်ပြုပြောဆို Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.