ဌာနဆိုင်ရာအင်အား နှစ်ရာကျော်ခန့်မှ ကျူးကျော်နေအိမ်များအားရှင်းလင်းဖယ်ရှား


စက်တင်ဘာလ ၈ ရက်၂၀၁၇

တောင်ကြီး မြို့နယ် ၊ အေးသာယာမြို့သစ် အမှတ်(၁) ရပ်ကွက် အတွင်းကျူးကျော် နေအိမ်များအား တောင်ကြီးခရိုင်မှ ရဲတပ်ဖွဲ့ ၊ မီးသတ် နှင့် ဌာနဆိုင်ရာ အင်အား ၂၅၀ ခန့်က စုပေါင်းဖယ်ရှားမှုပြုခဲ့သည်။

စက်တင်ဘာလ ၇ ရက်နေ့က အေးသာယာမြို့သစ် အမှတ် ၁ ရပ်ကွက် နယ်မြေ (၁/၂/၃) အတွင်းရှိ ကျူးကျော်တဲ ၅၀ ကျော်အနက် လက်ကျန် ၉ လုံးအား ရှင်းလင်း ခဲ့ကြခြင်းဖြစ်ကြောင်း တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင် ကပြောသည်။

"နည်းဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းတရားရုံးကနေပြီး ပြစ်ဒဏ်ချမှတ်ပြီးသားဖြစ်ပါ တယ်။ အဲဒီအတွက် မြေနေရာကနေ ဖယ်ရှားပေးဖို့ပြီးခဲ့တဲ့လက ကျနော်တို့ ဆင့်စာ ထုတ်တယ်။ တစ်အိမ်ချင်း လိုက်ကပ်ပေးခဲ့ပါတယ်။ နေအိမ် ၅၆ လုံးရှိတဲ့အနက် စက် တင် ဘာလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ နေအိမ် ၄၇ လုံး လာဖျက်ပါတယ်။ ကျန်တဲ့နေအိမ် ၉ လုံး ကမဖျက်သေးလို့ ကျနော်တို့စီမံချက်ပါအတိုင်း ပြည်နယ်အစိုးရ ကို တင်ပြပြီးတော့ ကော်မတီတွေ အဖွဲ့ဝင်တွေ နဲ့အခုလာ ဖျက်တာဖြစ်ပါတယ် " ဟု ၄င်းက မီဒီယာများအား ရှင်းလင်းပြောကြားသည် ။


၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေပုံတော် စည်းမျဉ်းဥပဒေတွင်ပါရှိသည့်အတိုင်း နည်းဥပဒေ (၁၀) အရ ၊ အခွန်တော်အရာရှိ သည် အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေအား ပြန်လည်ရယူသည့် နည်းဥပဒေပုဒ်မ ပါရှိကြောင်း ဦးကျော်အံ့မောင် ဆက်လက်ရှင်းပြခဲ့ပါသည် ။

အမှတ် (၁) ရပ်ကွက် ၊ နယ်မြေ(၁) ၊ ကံသစ်ဘုန်းကြီးကျောင်း အရှေ့မြောက်ဘက်ရှိ ဘုရားတောင်နှင့် လျှိုရေချောင်းကြား အစိုးရပိုင်မြေပေါ်တွင်အခွင့် အမိန့်မရှိပဲ တရားမ၀င်နေအိမ်ဆောက်လုပ်ထားသော မြေပေါ်တွင် လက်ရှိနေထိုင်ခြင်း မပြုရန် ၊ ချက်ချင်းထွက်ခွာ သွားရန် နှင့် ၄င်းမြေပေါ်ရှိ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ်ပစ္စည်း များကို လဲတပါတည်း ရွှေ့ပြောင်းထုတ်ယူ ရမည့်အကြောင်း ဆင့်စာကို ဂျွန်လ ၁၇ ရက်နေ့ကထုတ် ပြန်ခဲ့သော်လည်း ကျူးကျော်နေအိမ်များမှ ဖယ်ရှားခြင်းမရှိသည့်အတွက် လူအမည် မသိရှိရသည့် နို့တစ်စာထုတ်ဆင့်ထားသော ကျူးကျော်နေ အိမ်များအား စက်တင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားထွန်ခွာသွားရန်နှင့် လိုက်နာရန်ပျက်ကွက် ပါက အင်အားသုံးဖယ်ရှား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာ၏ဖော်ပြ ချက်အရသိရှိရ ပါသည် ။

သျှမ်းသံတော်ဆင့်/ ယိင်းတိုင်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ဌာနဆိုင်ရာအင်အား နှစ်ရာကျော်ခန့်မှ ကျူးကျော်နေအိမ်များအားရှင်းလင်းဖယ်ရှား ဌာနဆိုင်ရာအင်အား နှစ်ရာကျော်ခန့်မှ ကျူးကျော်နေအိမ်များအားရှင်းလင်းဖယ်ရှား Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.