အကြမ်းဖက်မှုမှာ မပါသူတွေကို အစိုးရကူညီမယ်

စစ်တွေ မြို့ အဓိဌာန်ကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA Arakan Salvation Army အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေး စိုးရိမ်လို့ ထွက်ပြေးနေရသူ တွေ အကူအညီ လိုအပ် နေကြပါတယ်။

တိုက်ခိုက်မှုတွေကို ကြောက်လန့် ထွက်ပြေးခဲ့ကြသူတွေကို အစိုးရပိုင်းက ကူညီ ထောက်ပံ့မှုတွေ လုပ်နေတယ်လို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ထွက်ပြေးလာသူတွေ နေတဲ့ စုရပ်တွေနဲ့ ကိုယ့်ရွာမှာပဲကိုယ် နေကြသူတွေ ရှိတဲ့ နေရာတွေကို အစိုးရ တာဝန်ရှိသူတွေ သွားရောက်ပြီးလိုအပ်တာတွေ ကူညီပေးခဲ့ပြီး ဖြစ်ပြီး လိုအပ်တဲ့ စာနပ်ရိက္ခာ အကူအညီတွေကို ဆက်လက် ပေးနေတယ်လို့ ဆိုပါတယ်။

ထိတ်လန့်ကြောက်ရွံ့ပြီး ထွက်ပြေးကြသူတွေထဲမှာ ရခိုင်နဲ့ တခြား တိုင်းရင်းသားတွေကိုသာ ကူညီပေးနေတာ ဖြစ်ပြီး မွတ်ဆလင် အသိုင်းအဝိုင်းက ထွက်ပြေးကြသူတွေ ကိုတော့ မတွေ့တဲ့ အတွက် မကူညီနိုင်သေးကြောင်းနဲ့ ကူညီနိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက် တိုက်ခိုက်သူတွေ မရှိပါဘူး၊ တိုက်ခိုက်သူတွေ ရောက်လာရင်လည်း သူတို့ကို တိုက်ထုတ်ဖို့ အဖွဲ့ ဖွဲ့ထားတယ်လို့ အာမခံထားတဲ့ မွတ်ဆလင် ရွာနှစ်ရွာကို အစိုးရဘက်က ကူညီထောက်ပံ့မှု လုပ်နေတယ်လို့ ပြောပါတယ်။

နယ်စပ်ကို ဖြတ်ကျော်ပြီး တဘက်နိုင်ငံကို သွားကြသူတွေကို လက်မခံဘူးလို့ ပြောနေတာတွေ ရှိနေတဲ့ အတွက် သူတို့ အရေး ဘယ်လို ဖြေရှင်းမယ် ဆိုတာကိုလည်း အစိုးရက အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ လည်း ဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ပြည်ပ နိုင်ငံတွေကလည်း အကူအညီ ပေးချင်တယ်လို့ ကမ်းလှမ်း တာတွေ ရှိနေတဲ့ အတွက် အဲဒီ ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့လည်း စီစဉ် နေတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
အကြမ်းဖက်မှုမှာ မပါသူတွေကို အစိုးရကူညီမယ် အကြမ်းဖက်မှုမှာ မပါသူတွေကို အစိုးရကူညီမယ် Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.