အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်ရှိ

မစ္စတာမိုဒီဟာ သံတမန်ရေး ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးမယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ချစ်ကြည်ရေးခရီးစဉ် လာရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။ သမ္မတနဲ့ အတူ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး တို့ကလည်း ကြိုဆိုခဲ့ကြ ပါတယ်။

ဝန်ကြီးချုပ်ရဲ့ ၃ ရက်တာခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့စီးပွားရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိသလို့ မကြာသေးခင်က အိန္ဒိယက ရပ်ဆိုင်းလိုက်တဲ့ ပဲတင်ပို့မှု ကိစ္စနဲ့ ရခိုင်ပြည်နယ် ဖွံဖြိုးရေးကိစ္စ တို့ကိုလဲ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ပုဂံက ဘုရားပုထိုးစေတီတွေ ပြန်လည်ပြုပြင်ရေးမှာ အိန္ဒိယဘက်က အကူအညီပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ထိုးဖို့လည်း ရှိတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ဘီဘီစီကို ပြောပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံအတော်များများက မြန်မာနိုင်ငံကို ဝေဘန်မှုတွေ ရှိနေချိန်မှာ အိန္ဒိယဝန်ကြီးချုပ် အခုလိုရောက်လာတာ သံတမန်ရေးအရ ထောက်ခံအားပေးမှုတစ်ခုလို့ ရှုမြင်နိုင်ပြီး အခုခရီးစဉ်ကနေ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေတွေကို သိမြင်သွားပြီး တချို့ဝါဒဖြန့်ချက်တွေကို ဖယ်ရှားနိုင်လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့မှာတော့ မစ္စတာ မိုဒီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲလုပ်ဖို့လည်း ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ မြန်မာနိုင်ငံမှာရောက်ရှိနေစဉ် အတွင်း ပုဂံဒေသကို ဘုရားဖူးသွားရောက်ဖို့ရှိသလို ရန်ကုန်မြို့သုဝဏ္ဏ အားကစားကွင်းမှာလဲ မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese
အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်ရှိ အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်ရှိ Reviewed by THITHTOOLWIN on 07:08 Rating: 5
Powered by Blogger.