ကျောက်မဲမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၂) ပန်ပေါင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးအား စက်တင်ဘာလ (၇)ရက်နေ့ နေ့လယ်က ရဲနှင့်တပ်မတော်ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း သိရသည်။

“မူးယစ်ဆေးဝါးနဲ့ လက်နက်သတင်းအရ တပ်အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဒူးလေးသေနတ်ပုံစံပေါ့ အဲဒါရယ် နောက် စကားပြောစက်၊ လက်ပစ်ဗုံးတစ်လုံးရယ် ၊ မူးယစ်ဆေးဝါးရယ်၊ သေနတ်ရယ် ဖမ်းဆီးရမိတာပေါ့။ တရားခံအမျိုးသားက ပစ်ပြေး ပြေးသွားတယ်။ မမိလိုက်ဘူး။ အမျိုးသမီးကိုတော့ အိမ်ထဲမှာ မိတယ်။ လောလောဆယ်တော့ ဆက်ပြီးဆောင်ရွက်နေတုန်း ရှိပါသေးတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဟန်ဝင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


အဆိုပါနေအိမ်၏ ပတ်လည်တွင် စီစီတီဗီများ တပ်ဆင်ထားသည်ကို တွေ့ရကာ နေအိမ်အတွင်းမှ ဗုံးသီး၊ သေနတ်၊ တူမီး၊ ဓါး၊ လှံ၊ စကားပြောစက်၊ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိထားပြီး ထွက်ပြေးတရားခံ ဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကနဦးသတင်းအရ သိရသည်။

သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - kmm
Tachileik News Agency
http://www.tachileik.net
ကျောက်မဲမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ ကျောက်မဲမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:36 Rating: 5
Powered by Blogger.